စစ်အာဏာသိမ်း ၈ လတာ မြန်မာ့နိုင်ငံရေး မြင်ကွင်း

ဒီနေ့ဆိုရင် စစ်တပ်ကအာဏာသိမ်းခဲ့တာ ၈ လကျော်ခဲ့ပြီ။ ၈ လကျော်လာပြီဆိုတော့ အမြင်နှစ်မျိုး ရှိလာတယ်။ ပထမအမြင်က စစ်အာဏာသိမ်းသူတွေဘက်က ကြည့်ရင် ၈ လကျော် ကြာတဲ့အချိန်အထိ အာဏာသိမ်းစစ်ကောင်စီဟာ အခြေအနေဆိုးထဲမှာပဲ ပြိုကွဲ ပျက်စီးသွားခြင်း မရှိသေးဘဲ ဆက်လက်ရပ်တည်နေနိုင်သေးတယ်ဆိုတဲ့ အမြင်ပါ။ ဒုတိယအမြင်က ၈ လ ကျော်အထိ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံကို အုပ်ချုပ်လို့မရနိုင်သေးဘဲ အဘက်ဘက်က ပြိုလဲယိုင်နဲ့နေပြီဆိုတဲ့ အမြင်ပဲ ဖြစ်တယ်။ ဆက်အုပ်ချုပ်ဖို့ မလွယ်တော့ဘူးဆိုတာပါပဲ။

သူ့ဘက် ကိုယ့်ဘက် ဒီအမြင်နှစ်ခုလုံး မှန်နေပါသေးတယ်။ အခုချိန်ထိ အာဏာသိမ်းအုပ်စုဟာ ပြိုကွဲပျက်သုဉ်း မသွားသေးဘူး။ သူ့အာဏာ ခိုင်မြဲအောင် ကျားကုတ်ကျားခဲ ဖက်တွယ်ထားနေဆဲပါ။ တဘက်ကလည်း ကျားကုတ်ကျားခဲ ဖက်တွယ်ထားတဲ့ ကျားရဲသတ္တဝါရဲ့ လက်ကို ဖြတ်တောက်ဖယ်ထုတ်ပြီး လူထုကို ကျားခံတွင်းက လွတ်အောင် ကြိုးစားပမ်းစား ကယ်ထုတ်နေကြတယ်။ ဒီနေ့ မြန်မာနိုင်ငံရေး မြင်ကွင်းကို ဒီလိုပဲ ကြည့်မြင်နိုင်တယ်။

ဒါဆိုရင် မြန်မာအနာဂတ်ဟာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုတော့ အားလုံး စိတ်ဝင်စားကြတယ်။ ဖြစ်နိုင်ခြေတွေကိုကြည့်ရင် အဖြေအမျိုးမျိုး ထွက်လာမယ်။ အစွဲကင်းကင်းနဲ့ ကြည့်မယ်ဆိုရင် အခြေနေအားလုံးဟာ အာဏာသိမ်းစစ်ကောင်စီကြောင့် ဖြစ်ပေါ်လာတဲ့ ပြဿနာရပ်တွေသာ ဖြစ်တယ်ဆိုတဲ့ အချက်ကတော့ ငြင်းမရအောင် ရှိနေတယ်။ တချိန် သမိုင်းပြုစုသူတွေအတွက်လည်း ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ပေါ်ပေါက်လာခဲ့တဲ့ မြန်မာပြည်ဆိုင်ရာ ပြဿနာရပ်အားလုံးဟာ အာဏာသိမ်းစစ်တပ်ကြောင့်ဆိုတဲ့ သမိုင်းရေးအမြင်ကိုပဲ တွေ့ကြလိမ့်မယ်။

ပစ္စက္ခအကျိုးစီးပွားအရပဲ ကြည့်ကြည့်၊ သမိုင်းရေးအမြင်ရပဲဆိုဆို ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်အားလုံးကတော့ မြန်မာတပ်မတော်အပေါ်မှာ တာဝန်အားလုံး ကျရောက်နေခဲ့တာပါပဲ။ မဲမသမာမှုကို အကြောင်းပြအာဏာသိမ်းခဲ့တယ်ဆိုပေမဲ့  မဲမသမာမှု ရှိ၊ မရှိကိုတော့ ကိုယ်တိုင်မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်က အသိဆုံးပါပဲ။ ဒါကြောင့်လည်း စစ်ကောင်စီရဲ့ အကြောင်းပြချက်ကို လက်မခံနိုင်တဲ့အဆုံး ဆန္ဒပြကန့်ကွက်လာခဲ့ကြတာပဲ ဖြစ်တယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းချိန်ကစပြီး မြန်မာနိုင်ငံဟာ အချိုးအကွေ့တခုကို ရောက်သွားပြီလို့ မြန်မာနိုင်ငံသားအားလုံး သဘောပေါက်လိုက်ကြတယ်။ မြန်မာနိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံအရ ပြည်သူအားလုံးဟာ ‘ဘယ်အချိန်မှာ ဘာလုပ်ကြရမလဲ’ဆိုတာကို သဘောပေါက်ပြီး ဖြစ်တယ်။ ဒီလိုနဲ့ ငြိမ်းချမ်းစွာဆန္ဒပြဖို့ လမ်းပေါ်ထွက်ခဲ့ကြတယ်။ မကြာမီမှာ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းလာတယ်။

ဒီအချိန်မှာ လူငယ်မျိုးဆက်သစ်တို့ရဲ့ အမြင်ဟာ အရင်ကလို လက်နက်မဲ့ ဆန္ဒပြတဲ့အဆင့်ကနေ ခုခံကာကွယ်ပိုင်ခွင့်ကို စဉ်းစားလုပ်ဆောင်လာကြတယ်။ ဒါဟာ အတိတ်သမိုင်းနဲ့မတူတဲ့ စဉ်းစားမှုတခုလည်း ဖြစ်လာတယ်။ ဥပဒေအရ ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးချလာတယ်။ စစ်တပ်က သူ့အစဉ်အလာအတိုင်း အကြောက်တရားကြီးစိုးလာအောင် လူထုကို လူမဆန်တဲ့ ဖိနှိပ်မှုမျိုးစုံနဲ့ တိုးလို့ပစ်ခတ်လာတယ်။ ကျဆုံးသူအများစုဟာ ဦးခေါင်းကို ကျည်မှန်ပြီး ကျဆုံးတာတွေ များလာတယ်။ လူငယ်ထုရဲ့ နာကျင်မှုပိုလာတယ်။ ဒီမှာပဲ ခုခံကာကွယ်ပိုင်ခွင့်ကို အသွင်ပြောင်းဖို့ဖြစ်လာတယ်။

‘ခုခံကာကွယ်ပိုင်ခွင့်မှာ ရန်သူကကိုယ့်ကို ပြန်ရန်မမူနိုင်သည်အထိ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်’ ဆိုတဲ့ သဘောကို အပြည့်အဝအသုံးချဖို့ ဖြစ်လာတယ်။ လက်နက်ကို လက်နက်နဲ့ ပြန်လည်ခုခံကာကွယ်ရမယ်ဆိုတဲ့ အမြင်က တနေ့ထက်တနေ့ ရှင်သန်လာတယ်။ ဒီထက်ပိုတာကတော့ နှစ်ပေါင်း ၇၀ နီးပါး မြန်မာပြည်သူတွေအပေါ် စစ်တပ်က ဗိုလ်ကျလွှမ်းမိုးပြီး အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်တပ်ရဲ့ သရုပ်အမှန်ကို သိမြင်လာကြခြင်းပဲ။ ၂၀၀၈‌ ခြေ/ဥ ဆိုတာလည်း စစ်တပ်က အာဏာချုပ်ကိုင်ဖို့ ဖန်တီးချက်တခုထက်မပိုဘူးလို့ မြင်လာကြတယ်။

မြန်မာပြည် မငြိမ်းချမ်းရခြင်းရဲ့ လက်သည်တရားခံဟာ စစ်တပ်ရဲ့ မှားယွင်းတဲ့ အမျိုးသားရေးအမြင်ကြောင့် ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း မျိုးဆက်သစ်လူငယ်တွေ သဘောပေါက်လာကြတယ်။ အထူးသဖြင့် ဒီနေ့ GZ လို့ခေါ်တဲ့ လူငယ်မျိုးဆက်သစ်တွေဟာ အနာဂတ်ဝါဒီတွေလို့ ပြောရမှာပါ။ သူတို့အနာဂတ်အတွက် သူတို့ ထည့်စဉ်းစားလာတယ်။ သူတို့အနာဂတ်ဟာ မြန်မာပြည်အနာဂတ်လည်း ဖြစ်နေတယ်ဆိုတဲ့အသိကို မွေးလာတယ်။

သူတို့အနာဂတ်ဟာ မြန်မာပြည်အနာဂတ် ဖြစ်တာကြောင့် စစ်တပ်ရဲ့လူထုအပေါ် နှစ်ပေါင်းရှည်ကြာ ကျွန်ပြုလာခဲ့တဲ့ဘဝက လွတ်မြောက်မှ အနာဂတ်မြန်မာနိုင်ငံဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်သစ်ဆီကို သွားလို့ရမယ်။ ဒါမှလည်း ငြိမ်းချမ်းရေးရမယ်ဆိုတာ မြင်လာတယ်။ ဒါဟာ ဒီနေ့လူငယ်တွေရဲ့ တွေ့ကြုံရတဲ့ ဘဝကပေးတဲ့ ခိုင်မာတဲ့အသိပဲ။ အဲဒီအတွက် လက်ရှိစစ်တပ်ကို ဖျက်သိမ်းပြီး ‘ဖက်ဒရယ်တပ်မတော်’ဖြစ်အောင် လုပ်ကြရမယ်လို့ မြင်လာတယ်။ ဒီအတွက်ဆိုရင် လက်နက်ကိုင် ခုခံတွန်းလှန်ရမယ်ဆိုတဲ့ အသိကို မွေးဖွားလာကြတော့တယ်။

ဒါကြောင့် “လက်နက်ကိုင်တပ်ကို လက်နက်ကိုင်တဲ့နည်းနဲ့ ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်”လို့ ယူဆလာကြတယ်။ ဒါ့အပြင် ‘လက်နက်နဲ့ အနိုင်ကျင့်အာဏာသိမ်းတိုင်း လူထုလက်မခံရင် အစိုးရမဖြစ်ဘူး’ ဆိုတဲ့ အသိကို လက်နက်နဲ့ အနိုင်ကျင့်သူတွေကို တသက်စာသိသွားစေဖို့အတွက် ခုခံကာကွယ်ပိုင်ခွင့်ကို အပြည့်အဝအသုံးပြုလိုက်ခြင်းပဲဆိုတဲ့ အသိကို မွေးဖွားလိုက်ကြတယ်။ လက်နက်ကိုင်ရမ်းကားသူကို လက်နက်နဲ့ ပြန်လည်ခုခံပိုင်ခွင့်ရှိတယ်လို့ နားလည်လိုက်ကြခြင်းပဲ။ ဒါဟာ ၂၁ ရာစု မြန်မာလူငယ်တွေရဲ့ သမိုင်းရေးအမြင် ပြောင်းသွားခြင်း ဖြစ်တယ်။

GZ တို့ရဲ့ ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ စိတ်အခြေခံကို မသိဘဲ လက်နက်ရှိရင် အာဏာကို ချုပ်ကိုင်လို့ရတယ်ဆိုတဲ့ အမြင်ကို မပြောင်းမလဲ ဆုပ်ကိုင်ထားတာကတော့ မြန်မာစစ်တပ်ပါပဲ။ အဲဒီအမြင်နဲ့ အာဏာကို ထိန်းချုပ်ဖို့ ကြံစည်လိုက်တာ။ ဒါပေမဲ့ လူငယ်တွေရဲ့ ပြောင်းလဲတဲ့ အမြင်မှာ စစ်ကျွန်ဘဝက မြန်မာပြည်သူတွေ လွတ်မြောက်ရေးအဖြစ် ဦးတည်ချက် ပြောင်းလဲလာခဲ့ပါတော့တယ်။ စစ်အာဏာရှင်နဲ့အတူ စစ်တပ်ကိုပါ ပြောင်းလဲဖွဲ့စည်းရေးဟာ အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတော့တယ်။ တကယ်တော့ ဒီလမ်းကို ရွေးချယ်လာအောင်  စစ်အာဏာသိမ်းမှုက တွန်းအားပေးလိုက်တယ်လို့တောင် ဆိုရမှာပါ။

အဲဒီလို စဉ်းစားလာချိန်မှာပဲ မြန်မာစစ်တပ်ဟာ ဆန္ဒပြ ပြည်သူကိုသာမက သားသမီးကို ဖမ်းမရရင် မိဘကို ဖမ်း။ မိဘကို ဖမ်းမရင် ကလေးတွေကို ဖမ်းလာတယ်။ ပြည်သူကို ဓားစာခံ ပြန်လုပ်လာတဲ့အတွက် ပြည်သူတွေရဲ့ဘဝဟာ လုံခြုံမှု ကင်းမဲ့လာခဲ့တယ်။

လူထုအနေနဲ့ကလည်း စစ်တပ်ဟာ ပြည်သူလူထုကို အကာအကွယ်ပေးတာမဟုတ်ပဲ စစ်အရာရှိတွေကိုသာ အကာကွယ်ပေးနေခဲ့တယ်ဆိုတဲ့ အသိကို ဘဝနဲ့ရင်းပြီး သိရှိသွားခဲ့ကြပါတော့တယ်။

အဲဒီလို သိရှိနားလည်သွားတဲ့အချိန်ကစပြီး ပြည်သူလူထုအပေါ် ထားရှိအပ်တဲ့ စစ်တပ်ရဲ့ ပဋိညာဉ်ဟာ ကျိုးပေါက်သွားခဲ့ပြီ။ ပျက်ပြယ်သွားခဲ့ပြီ။ ပျက်သုဉ်းသွားခဲ့ပါပြီ။ ပြည်သူနဲ့ စစ်တပ်ကြားမှာ ဘာဆက်နွှယ်မှုမှ မရှိတော့ဘူး။ ဒီတွက်ကြောင့် လူငယ်မျိုးဆက်သစ် (GZ) တွေဟာ လစ်ဟာနေတဲ့ လူထုကို အကာအကွယ်ပေးမယ့် အဖွဲ့အစည်းအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဦး (People Defence Force)ကို ဖွဲ့စည်းပြီး ပရဟိတတာဝန်ကို ထမ်းဆောင်လိုက်ကြရပါတော့တယ်။   

အစဦးမှာ ဆန္ဒပြသူအချင်းချင်း အကာအကွယ်ပေးဖို့အတွက် မိုလိုတော့တွေ လက်လုပ်မီးခိုးဗုံးတွေနဲ့ အကာအကွယ်ပြုခဲ့ကြတယ်။ တလအတွင်းမှာ အသေအပျောက်တွေဟာ ရာဂဏန်းကျော်လာချိန်မှာတော့ တချို့လည်း လွတ်မြောက်နယ်မြေရှိရာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်ဆီမှာ စစ်ပညာသင်ဖို့ ထွက်ခွာသွားကြတယ်။ တချို့ကတော့ အရှိန်ဟုန်မပျက် ဆန္ဒပြပွဲတွေကို ဆက်လက်ဆင်နွှဲနေခဲ့ကြတယ်။ စစ်တပ်ကလည်း ပိုပိုပြီးသတ်ဖြတ် ပစ်ခတ်နှိမ်နင်းလာတယ်။

ဧပြီလထဲမှာတော့ ဆန္ဒပြကျဆုံးသူဦးရေဟာ နေ့စဉ် တိုးလို့လာခဲ့တယ်။ မျိုးဆက်သစ်တွေဟာ “တူမီး”လို့ ခေါ်တဲ့ ရရာလက်လုပ်သေနတ်တွေ မိုလိုတော့တွေေနဲ့ ပြန်လည်ခုခံလာတယ်။ အထက်က ပြောခဲ့သလို စစ်တပ်ကလည်း ‘သားသမီး မမိရင် မိဘကိုဖမ်း။ လင်ယောကျ်ား မမိရင် မိန်းမနဲ့ ကလေးကို ဖမ်း’ပြီး ပြန်ပေးဆွဲသလို ဓားစာခံလုပ်လာတော့တယ်။ ပြည်သူတွေဘဝဟာ တဖြည်းဖြည်း လုံခြုံမှု ကင်းမဲ့လာတော့တယ်။ အဲဒီကစလို့ မျိုးဆက်သစ် လူငယ်တွေဟာ ဆန္ဒပြသူအတွက်သာမကတော့ပဲ ပြည်သူဘဝလုံခြုံရေးကိုပါ အကာအကွယ်ပေးဖို့ လိုအပ်လာတာကြောင့် “ပြည်သူ့ကာကွယ်ရေးတပ်ဦး(PDF)” တွေကို မြို့ရွာအနှံ့ ဖွဲ့စည်းလိုက်ကြတော့တယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ အင်အားဟာ စဖွဲ့ချိန်ကနေအခုထိ တဟုန်ထိုး တိုးတက်လာခဲ့တယ်။ အခုဆိုရင် နယ်စပ်ဒေသနဲ့ တိုင်းရင်းသားနယ်မြေသာမကတော့ပဲ တပြည်လုံး မြို့ရွာတွေအထိ ပျံ့နှံ့လာခဲ့ပါတော့တယ်။ တချိန်တည်းမှာပဲ ပြည်သူလူထုကလည်း တတ်နိုင်တဲ့ဘက်ကနေ “အခွန်မဆောင်ရေး”လှုပ်ရှားမှု။ ပြည်သူ့ကာကွယ်ရေးအဖွဲ့အတွက် အလှူငွေနဲ့ သတင်းအချက်အလက် ပံ့ပိုးမှု။ စစ်အာဏာသိမ်းမှုကို ဆန္ဒပြကန့်ကွက်မှု။ အာဏာဖီဆန်ရေး (CDM)လှုပ်ရှားမှု။ နိုင်ငံတကာသံတမန်မျက်နှာစာမှာ အသာစီးရရေး ကြိုးပမ်းမှုတွေဟာ တနေ့ထက်နေ့ အင်အားကြီးထွားလာခဲ့တယ်။ ပြည်သူဟာ သူနိုင်တဲ့တာဝန် သူ့ဟာသူ ယူလာကြတယ်။

တချို့သော ဒေသတွေမှာဆိုရင် “ပြည်သူ့ကာကွယ်ရေး ရဲတပ်ဖွဲ့”တွေတောင် ဖွဲ့စည်းလာနိုင်တဲ့အထိ တိုးတက်လာခဲ့တယ်။ စစ်ရေးအရကြည့်ရင် စစ်ကောင်စီတပ်တွေနဲ့ ပြောက်ကျားတိုက်ပွဲတွေ သာမက စစ်ကျွန်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေအထိ ယှဉ်ပြိုင်တိုက်ခိုက်လာနိုင်စွမ်းရှိတာ တွေ့ရတယ်။ အာဏာသိမ်းအဖွဲ့ရဲ့  ဒေါက်တိုင်တွေဟာလည်း တနေ့တခြား တအိအိချင်း ပြိုပျက်လာနေတာကို မြင်တွေ့နေရတယ်။ ဒါဟာ တကယ့် ဓမ္မစစ်ဖြစ်ရပ်တွေ။

အာဏာသိမ်းစစ်အုပ်စုအဖို့တော့ အုပ်ချုပ်ရေးခိုင်မာအောင် မတည်ဆောက်နိုင်မှု၊ ရပ်/ကျေး အုပ်ချုပ်ရေး ပျက်ပြားလာမှု၊ စီးပွားရေးကျဆင်းမှု၊ မြန်မာကျပ်ငွေ အဆမတန် ကျဆင်းလာမှု။ နိုင်ငံခြားဝင်ငွေဆိတ်သုဉ်းမှု၊ နိုင်ငံတကာဆက်ဆံရေး ဆုံးရှုံးမှု၊ ‘De facto ’ အစိုးရအဖြစ် အသိအမှတ်ပြုမယ့်နိုင်ငံ ကင်းမဲ့မှု၊ ပြည်သူလူထုရဲ့ အယုံအကြည် မရမှု။ လူထု ပူးပေါင်းပါဝင်မှုမရှိမှု စတာတွေကို ရင်ဆိုင်နေရတယ်။

အချုပ်အားဖြင့်ပြောမယ်ဆိုရင် အာဏာသိမ်းစစ်အုပ်စုဟာ ၈ လတိုင်လာသည်အထိ ဆက်လက်ရပ်တည်နေနိုင်သေးတယ် ဆိုပေမယ့် အဘက်ဘက်က ချွတ်ခြုံကျနေတာကို တွေ့ရပါတယ်။  “ပြည်သူမုန်းရင် စစ်ရှုံးလိမ့်မယ်” ဆိုစကားအတိုင်း သာလွန်စစ်အင်အားရှိပေမယ့် တိုက်ပွဲတိုင်းမှာ အကျအဆုံး များနေသလို ထွက်ပြေးစစ်သားတွေနဲ့ ပြည်သူ့ဘက်ကို ခိုဝင်လာတဲ့ စစ်သည်အင်အားစုတွေကြောင့် လုံးပါးပါးနေတာကို တွေ့ရတယ်။

ဒါကြောင့် “အာဏာသိမ်းစစ်ကောင်စီဟာ ဆက်လက်အုပ်ချုပ်လို့မရနိုင်တော့ဘဲ တဖြည်းဖြည်း ယိုင်လဲပြိုကျလာပြီ”ဆိုတဲ့ ဒုတိယအမြင်ဟာ ပိုမိုခိုင်မာလာနေတာကို တွေ့မြင်နိုင်ပါတယ်။ 

ဒါကြောင့် ဒီတိုက်ပွဲဟာ စစ်အာဏာရှင်ရဲ့ နိဂုံးပိုင်းအဖြစ် ရှုမြင်မိကြောင်း ၈ လတာ ကာလ အခြေအနေကို သုံးသပ်တင်ပြလိုက်ပါတယ်။

NUG နဲ့ PDF တို့ တရားသောစစ် အောင်မြင်နိုင်ပါစေ။ အနာဂတ်နိုင်ငံသစ်အတွက် ‘ဖက်ဒရယ်အာမီ’ တည်ဆောက်နိုင်ကြပါစေ။

ဂန္ထဝင်မောင်ထူး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up