ရေစကြိုမြို့နယ်၌ စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ ရေလယ်ကျွန်းရွာများတွင် စစ်တပ်က ပစ်ခတ်သဖြင့် ဒေသခံများ တိမ်းရှောင်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၃ ရက် ဒီကနေ့ နေ့လယ်ပိုင်းက  စစ်ကောင်စီတပ်တွေ လိုက်ပါလာတဲ့  စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့လယ် ၁၂ နာရီဝန်းကျင်လောက်က ရေလယ်ကျွန်းစုကျေးရွာတွေဖြစ်တဲ့  လှေခုတ်ကျေးရွာ၊ ဆင်တဲကျေးရွာ၊ မင်းကျေးရွာ၊ ကံဦးကျေးရွာစတဲ့ ကျေးရွာတွေကိုစစ်ကြောင်းထိုးဖို့လာတဲ့ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံရွာသားက ပြောပါတယ်။

ဒေသခံတဦးက “ကံဦးရွာရဲ့အရှေ့ဘက်နားမှာ စစ်ကား ၁ စီးမိုင်းထိတာတဲ့။ ရှေ့ဆက်မတိုးနိုင်ဘူး။ အထိအခိုက်တော့ရှိမယ်။ သေချာမသိသေးဘူး။ အခုတော့ အဲဒီကောင်တွေက မဲမဲမြင်ရာကို ရမ်းပြီးလိုက်ပစ်နေတယ်” လို့ ပြောပါတယ်။

ကားမိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီး သေဆုံးမှု သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပြီး နေ့လယ် ၂ နာရီခွဲအထိ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးငယ်တွေနဲ့ ဝင်စီး ပစ်ခတ်နေတာကြောင့်  ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြ တယ်လို့ သိရပါတယ်။ 

ဒီမနက် ၉ နာရီလောက်က လှေခုတ်ကျေးရွာမှာ ပစ်ခတ်နေရင်း ကျေးရွာနဲ့ မင်းရွာကြားက ဆေးခန်းကို စစ်ကောာင်စီတပ်တွေ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာကြောင့် အနီးနားကျေးရွာဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကား နှစ်စီးနဲ့ ချစ်သူကျေးရွာ ဇက်ဆိပ်ကနေ ဒီပသရဖူဇက်နဲ့ ချင်းတွင်းမြစ်အရှေ့ဘက်က ရေလယ်ကျွန်းကျေးရွာတွေကိုလည်း သွားရောက် ပစ်ခတ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ၉ နာရီလောက်က လှေခုတ်ကို ရောက်လာတယ်။ ချစ်သူရွာ ဇက်ဆိပ်ဘက်က ကူးလာတာ။ ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ပစ်တယ်။ ပြည်သူတချို့ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာလည်း ရှိနေတယ်။ အခုထိ အတိအကျ မပြောနိုင်သေးပါဘူး။ အခုထိ ပစ်ခတ်သံတွေက ကြားနေရတုန်းပဲ။ ဘိဇပ်ကုန်းက ဘုန်းကြီးကျောင်းမှာ အဓိက ဝင်မွှေနေတယ်။” 

ကျေးရွာတွေအတွင်း ဝင်ရောက်ပစ်ခတ်တာကြောင့် မရှောင်တိမ်းနိုင်လိုက်တဲ့ ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ သတင်းထွက်နေပေမဲ့  သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူအရေအတွက်ကို အတည်မပြုနိုင်သေးပါဘူး။

ရေလယ်ကျွန်းကျေးရွာဒေသတွေမှာ PDFအဖွဲ့တွေရဲ့ လက်နက်တချို့ ဖမ်းဆီးရမိခဲ့တာကြောင့် ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က သုံးသပ်ပါတယ်။

More News
Up