
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ အုတ်ပုံကွင်းကျေးရွာမှာရှိတဲ့ စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်ကို အောက်တိုဘာ ၂ ရက် ည ၁၀ နာရီလောက်က ဒေသခံတော်လှန်ရေးသမားတွေက မိုင်းခွဲ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ညကဖြစ်သွားတယ် ပြောတယ်။ ဒီဘက်က နည်းနည်းဝေးတော့ အသံတော့ မကြားလိုက်ရဘူး။ ဒီမနက်ပိုင်းတော့ ရွာကို စစ်ကား ၃ စီးဆင်းသွားတာတွေ့တယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းခွဲခံလိုက်ရတဲ့ တာဝါတိုင်ရှိတဲ့ အုတ်ပုံကွင်းရွာထဲကို ဒီနေ့မနက် စစ်အုပ်စုတပ်သားတွေ ရောက်လာပြီး ဆဲဆိုကြိမ်းမောင်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ကြံခင်းမြို့နယ်မှာ မနေ့ညက ဖျက်ဆီးခံရတဲ့ တာဝါတိုင်အပါဝင် ဧရာဝတီတိုင်းမှာ ဖျက်ဆီးခံရတဲ့ မိုင်တဲလ်တာဝါတိုင်ပေါင်း ၅ တိုင်ရှိပြီ ဖြစ်ပါတယ်။