ပြွန်တန်ဆာမြို့နယ်တွင် မိုင်တဲလ်တာဝါ ၂ တိုင် ဗုံးခွဲခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့မှာ အောက်တိုဘာ ၂ ရက် မနေ့ ည ၁၂ နာရီလောက်က စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုစီးပွားရေးနဲ့ ဆက်နွှယ်နေတဲ့ မိုင်တဲလ်တာဝါ ၂ တိုင် ဗုံးခွဲခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
နှင်းဝိကျေးရွာ ညောင်ပင်လှဘုန်းကြီးကျောင်းအနီးက မိုင်တဲလ်တာဝါတိုင်နဲ့ နဘဲပင်ကျေးရွာမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်တို့ ဗုံးခွဲခံရတာ ဖြစ်ပါတယ်။
“နဘဲပင်ကျေးရွာနဲ့ နှင်းဝိကျေးရွာ ညောင်ပင်လှဘုန်းကြီးကျောင်းအနီးကတာဝါတိုင် နှစ်ခုလုံးဟာ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဆုံးရှုံး မှုများသွားတယ်။ နှင်းဝိကျေးရွာ ညောင်လေးပင်လှ ဘုန်းကြီးကျောင်းအနီးက မိုင်တဲလ်တာဝါတိုင်အနီးမှာပဲ မပေါက်သေးတဲ့ ဗုံးတလုံး ကျနေခဲ့တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်တဲလ်တာဝါတိုင် ဖောက်ခွဲခံရတဲ့ ကျေးရွာတွေကို ဒီနေ့မနက်ကတည်းက ရဲတပ်ဖွဲ့အင်အားအများအပြားနဲ့ ရောက်ရှိပြီး ခုတော့ စစ်ကားနှစ်စီးနဲ့ နှင်းဝိကျေးရွာ ညောင်ပင်လှ ဘုန်းကြီးကျောင်းဘက်ကို ဆင်းလာနေပြီလို့ ဆိုပါတယ်။
"နှင်းဝိကျေးရွာက ချောင်းတဘက်က ဒိုက်ဦးမြို့အပိုင်၊ ဗုံးတစ်လုံးကွဲပြီး တစ်လုံးမကွဲ တဲ့တာဝါတိုင်က ပြွန်တန်ဆာမြို့အပိုင်မှာဖြစ်တာ၊ အခုအချိန်ထိတော့ ရွာမှာစစ်ဆေးမေးမြန်းတာ တွေလုပ်နေတုန်းပဲ ဖမ်းတာဆီးတာတော့ မကြားရသေးဘူး၊ပြီးမှ မသင်္ကာတဲ့ ဒေသခံကို အဓ္ဓမ ဖမ်းဦးမယ်ထင်တယ်"လို့ ရွာသား တစ်ယောက်က ပြောပါတယ်။
မနေ့ညက မိုင်တဲလ်တာဝါတိုင်ဗုံးပေါက်ကွဲမှုဟာ ပဲခူးတိုင်းစစ်တိုင်မှူး ဒိုက်ဦး ၊ညောင်လေးပင် ၊ရွှေကျင်မြို့တို့ကို လာရောက်နေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ညောင်လေးပင်မြို့နယ်မှာ ရံဖန်ရံခါ ဗုံးပေါက်ကွဲမှုတွေရှိနေပေမဲ့ ဘယ်အဖွဲ့အစည်းက ဗုံးဖေါက်ခွဲ ဖျက်ဆီးတယ်ဆိုတာတော့ ထုတ်ပြန်တာတွေ မရှိပါဘူး။