စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ဘုတလင်မြို့နယ်တွေမှာ အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေက နယ်မြေရှင်းလင်းဖို့ အင်အားအလုံးအရင်းနဲ့ လာရောက်တဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်၊ ဝမ်းပြင်ကျေးရွာအနီးမှာ အောက်တိုဘာ ၃ ရက် ဒီမနက် ၈ နာရီဝန်းကျင်က စစ်ယာဉ်တန်း ရှေ့ပြေးတပ်ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ပုလဲပြည်သူကာကွယ်ရေးတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်နဂါးက ပြောပါတယ်။

“ပုလဲပြည်သူကာကွယ်ရေးတပ်မတော်၊ တပ်ရင်း-၁ ဗိုလ်ကျော်စွာ ဦးဆောင်တဲ့‌တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ မိုင်း ၁၆ လုံး ခင်းခဲ့တယ်။ သေဆုံးစာရင်းကတော့ အတိအကျ မပြောနိုင်ဘူး။ အသေအချာ ပြောနိုင်တာက တင့်ကား နှစ်စီးကို လုံခြုံရေးအပြည့် ယူလာတဲ့ ဆိုင်ကယ်တွေနဲ့လာတဲ့ ရှေ့ပြေးတပ်ကို အရင်စတိုက်တာ။ အကျအဆုံးကတော့ များမယ်။ ကျနော်တို့ဘက်က‌တော့ အကျအဆုံးမရှိဘူး” လို့ ဗိုလ်နဂါးက  ပြောပါတယ်။ 

အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဝမ်းပြင်ကျေးရွာမှာ ရှာဖွေ ဖျက်ဆီးတာတွေ လုပ်နေပါတယ်။

ပုလဲမြို့နယ်၊ ဘုရားတောင်အနီး‌ တောင်ပိတောက်ကုန်းလမ်း‌ခွဲမှာလည်း အောက်တိုဘာ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်က စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်နဂါးက “စစ်ကောင်စီလာရာ လမ်းကြောင်းကို ကျနော့်ကလေးတွေ သွားပြီး ဆွဲမိုင်းသွားထောင်တာ စစ်ကောင်စီတပ်ကကောင်တွေမြင်တော့ သေနတ်တွေနဲ့လိုက်ထုခံရတယ်။ သူတို့ လိုက်ထုလို ထောင်ထားတဲ့မိုင်းကို ပစ်ထား‌ပြီး ကလေးတွေထွက်ပြေးရတယ်။ ကလေးတွေချခဲ့တဲ့ မိုင်းကို စစ်‌ကောင်စီတပ်က ကြိုးခလုပ်တိုက်ပြီး ပေါက်ကွဲသွားပြီးသေကြတာ။ ၈ ယောက်သေတယ်ဗျ။‌” လို့ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်‌နေ့ ညနေ ၄ နာရီကျော်လောက်ကလည်း စစ်ကောင်စီစခန်းချတဲ့နေရာကို PPDF အဖွဲ့က အလစ်ဝင်တိုက်ပြီး တူမီးသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ယောက် ကျဆုံးခဲ့ပြီး ဒီနေ့အထိ အလောင်းလာမကောက်သေးဘူးလို့ ဆိုပါတယ်။

“ကျနော်တင်တာတော့ အခုလိုအလောင်း နဲ့ သေနတ်တွေ မကောက်ဘဲ ပစ်ထားတာ ကျနော်တို့ PDF တွေကို ထောင်ခြောက်ဆင်ဖမ်းရအောင်လို့ လုပ်ထားတာတွေရှိတယ်ဗျ။”

စစ်ကောင်စီတပ်တွေဟာ ပုလဲမြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ ၅ ကြိမ်ထက်မနည်း ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေဟာ ကြောင်သန်းကျေးရွာကို ဝင်ရောက်ရှာဖွေကာ အပြစ်မဲ့ရွာသားသုံးဦးကို ဖမ်းဆီးသွားသလို တောကျောင်းလို့ လူသိများတဲ့ ဘုန်းတော်ကြီးကျောင်းကိုလည်း ဝင်ရောက်ရှာဖွေသွားတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာ ၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ရွှေချောင်းလည်ကျေးရွာနဲ့ ထနှောင်းကုန်ကျေးရွာကြား မုံရွာ-ဘုတလင်-ရေဦး- တန့်ဆည်သွား ကားလမ်းမကြီပေါ်မှာ စစ်ကောင်စီယာဉ်တွေကို မိုင်းဆွဲတိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်တာ ဒါနဲ့ဆို အောက်တိုဘာ ၂ ရက်နေ့မှာ နှစ်ကြိမ်ရှိပြီဗျ။ ပထမဘုတလင်မြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီရဲ့ ရဲကား မနက်ကပဲ ပစ်တောကျေးရွာနားတစ်ကြိမ်၊ အခုမုံရွာဘက်ကလာတဲ့ စစ်ကောင်စီရဲ့စစ်ကားအကြီးနှစ်စီး မိုင်းဆွဲခံရတာဗျ။ နှစ်စီးလုံးကတော့ ကျွမ်းထိုး၊ မှောက်ခုံဖြစ်သွားတယ်။ အသေအပျောက်ကတော့မသိဘူးဗျ။ ကျနော်တို့လည်း ဆွဲပြီးပြေးရတာဆိုတော့ အထိခိုက်အကျဆုံး စာရင်းကတော့ အတိအကျမသိနိုင်ဘူး။” 

စစ်ကောင်စီတပ်တွေဟာ အောက်တိုဘာလထဲ စစ်ကိုင်းတိုင်းမှာ နယ်မြေရှင်းလင်းဖို့ စစ်အင်အားအလုံးအရင်းအပြင် သံချပ်ကာကားတွေပါ အသုံးပြုလာတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

More News
Up