မော်တော်ယာဉ်တင်သွင်းခွင့်ပိတ်ပြီးနောက် ဒေါ်လာစျေး အနည်းငယ်ကျရိပ်ပြ

ရန်ကုန်မြို့တွင် ကျင်းပတဲ့ ကားအရောင်းပြခန်းတခုအား တွေ့မြင်ရစဉ်

ပြည်ပကနေ လူစီးမော်တော်ယာဉ်တင်သွင်းခွင့် အောက်တိုဘာ ၁ ရက်ကစပြီး ပိတ်လိုက်ပြီးနောက်  ငွေကြေးစျေးကွက်မှာ  ဒေါ်လာစျေး အနည်းငယ်ကျရိပ်ပြလာပါတယ်။

စက်တင်ဘာ နောက်ဆုံးပတ် အမေရိကန်ဒေါ်လာစျေးနှုန်းဟာ ပြင်ပစျေးကွက်မှာ ကျပ် ၂၇၀၀ ထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ  ၂ ရက်မှာတော့ တစ်ဒေါ်လာ ၂၄၂၀ ကျပ်ကို ပြန်ကျလာပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအနေနဲ့ ပြည်တွင်းမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာနဲ့အတူ ‌ငွေလဲနှုန်းမြင့်လာပြီး ကားတင်သွင်းခွင့် ပိတ်လိုက်တာကြောင့်  ဒေါ်လာ စျေးနှုန်းအပေါ် အနည်းငယ်သာ သက်ရောက်မှု ရှိနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ 

ပြည်တွင်းမှာ ဒေါ်လာသုံးစွဲမှုကို လျှော့ချဖို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်တဲ့ ကားအမျိုးအစားတွေနဲ့ လုပ်ငန်းသုံးကားတွေကလွဲပြီး ပြည်ပကားတင်သွင်းခွင့်ကို ယာယီရပ်ဆိုင်းခဲ့တာပါ။

ဒါ့အပြင့် မော်တော်ယာဉ်အရောင်းစင်တာအသစ် ဖွင့်လှစ်ခွင့်ကိုလည်း အောက်တိုဘာ ၁ ရက်ကစပြီး ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ပါတယ်။  

နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံသားတိုင်းကို ၂၀၁၂ ခုနှစ် မေလကစပြီး ကားတင်သွင်းခွင့် ပြုခဲ့ပေမဲ့ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လအကြာမှာ အခုလို ကားတင်သွင်းခွင့်မူဝါဒ ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။

ဒီမူဝါဒအပြောင်းအလဲကြောင့် ကားစျေးနှုန်းတွေနဲ့အတူ ဝယ်ယူမှုတွေလည်း မြင့်တက်ခဲ့တယ်လို့  ကားတင်သွင်းတဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ 

တင်သွင်းပြီး လက်ကျန်ကားတွေလည်း ရှိနေသေးတာကြောင့်  တင်သွင်းခွင့်ပိတ်တဲ့ကာလ အတို၊ အရှည်အပေါ်မှာ မူတည်ပြီး ကားစျေးနှုန်း မြင့်တက်နိုင်တယ်လို့လည်း လုပ်ငန်းရှင်တွေက ဆိုကြ ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ကျပ်ငွေနဲ့ ဘဏ်လုပ်ငန်းအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှုကျဆင်းလာတာ၊ ပို့ကုန်လုပ်ငန်းနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကနေ နိုင်ငံခြားငွေဝင်ရောက်မှု လျော့ကျ လာတာတွေကြောင့် ဒေါ်လာနဲ့ ရွှေစျေးနှုန်း စံချိန်တင်မြင့်တက်နေပြီး အိမ်၊ ခြံ၊ မြေနဲ့ ကားအရောင်းအဝယ်တွေလည်း  မြင့်တက်နေတာပါ။

အခုနှစ် ဇန်နဝါရီလက  တစ်ဒေါ်လာကို ကျပ် ၁၃၃၇  ဝန်းကျင်သာရှိခဲ့တဲ့ ကန်ဒေါ်လာ ငွေလဲနှုန်းဟာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး ၈ လအကြာမှာ အမြင့်ဆုံးစျေး ကျပ် ၂၇၀၀ အထိ ရောက်ရှိခဲ့ပါတယ်။

More News
Up