
မန္တလေးတိုင်း မိတ္ထီလာခရိုင်ထဲက မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိူင်၊ သာစည် ၄ မြို့နယ်က တရားရုံးတွေမှာ ရင်ဆိုင်ဆဲအမှုတွေနဲ့ မိတ္ထီလာအကျဉ်းထောင်မှာ အချုပ်ကျနေသူတရားခံ အယောက် ၇၀ အောက်တိုဘာ ၁ ရက်မှာ လွတ်မြောက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကိုဗစ်ရောဂါ တတိယလှိူင်းဖြစ်နေလို့ မြို့နယ် ၄ ခုက တရားရုံးတွေမှာ ရင်ဆိုင်နေဆဲအမှုတွေ နဲ့ ပတ်သက်နေတဲ့ တရားခံတွေကို ရုံးထုတ်ပြီး မစစ်ဆေးနိုင်ဘူး။ အဲဒီအမှုတွေကို ရုတ်သိမ်းပေးပြီး မိတ္ထီလာအကျဉ်းထောင်ထဲမှာ အချုပ်ကျနေတဲ့ တရားခံ အမျိုးသား ၆၆ ယောက် အမျိုးသမီး ၄ ယောက်ကို ဒီနေ့ပဲ လွှတ်ပေးလိုက်တာပါ။"
မိတ္ထီလာခရိုင်တရားရုံးက အမျိုးသား ၁၂ ဦး အမျိုးသမီး ၁ ဦး၊ မြို့နယ်တရားရုံးက အမျိုးသား ၁၅ ဦး အမျိုးသမီး ၂ ဦး၊ ဝမ်းတွင်းမြို့နယ်တရားရုံးက အမျိုးသား ၉ ဦး၊ မလှိုင်မြို့နယ်တရားရုံးက အမျိုးသား ၂၁ ဦး၊ သာစည်မြို့နယ်တရားရုံးက အမျိုးသား ၉ ဦး အမျိုးသမီး ၁ ဦး စုစုပေါင်း အမှု ၆၀ ရဲ့ စုစုပေါင်းအချုပ်တရားခံ ၇၀ လွတ်မြောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေးအမှုတွေ မပါဘူးလို့ သိရပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကျူးလွန်ထားတဲ့ နိုင်ငံတော်ပုန်ကန်မှု၊ မတရားသင်းအမှုနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် အမှုအမျိုးအစား ၉ မျိုးကို အမှုပိတ်သိမ်းပြီး တရားခံတွေကို လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဩဂုတ် ၁၁ ရက်မှာ ကြေညာပါတယ်။
ပိတ်သိမ်းလိုက်တဲ့အမှုတွေအထဲမှာ အကြမ်းဖက်မှု၊ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ မတရားအသင်းအမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု (ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပုဒ်မ ၁၂၄(က))၊ တရားခံပြေးအမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားစွဲဆိုထားတဲ့အမှုတွေ ပါဝင်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တား၊ ထိန်းချုပ်၊ ကာကွယ်ကုသနိုင်ဖို့နဲ့ ကျန်ရှိနေတဲ့ ချုပ်ရက်ရှည်ကြာနေတဲ့ တရားခံတွေကို သတ်မှတ်ချက်တွေနဲ့အညီ သက်ညှာစွာနဲ့ အမှုပိတ်သိမ်းပေးနိုင်ဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။