သားသည်မိခင်တွေရဲ့ မီးဖိုချောင်စရိတ် တိုက်ပွဲ

စစ်ပွဲတွေ အချိန်မရွေး ရောက်လာနိုင်တဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရပေမယ့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အပိုင် ရွာလေးတစ်ရွာက အသက် ၁၇ အရွယ် သားသည်မအေ မန်နူးကတော့ အဲဒါတွေထက် ပိုစိတ်ပူရမယ့် အခြေအနေတစ်ခုကို ကျော်ဖြတ်နေရပါတယ်။

“ ကျမတို့ရွာကနေ သေနတ်သံ၊ လက်နက်သံတွေကို အမြဲတမ်း ကြားနေရတယ်၊ ဒါပေမဲ့ နို့မထွက်လို့ကလေး နို့မဝမှာ၊ ကလေး တစ်ခုခုဖြစ်မှာပဲ အခုချိန်မှာ စိတ်ပူနေတယ်’’ လို့ သွေးနုသည်မိခင်တစ်ဦး ဖြစ်တဲ့ မန်နူးက ပြောတယ်။

သူတို့အိမ်မှာ စားစရာ ဆန်ကလွဲရင် ဘာဟင်းမှ ဝယ်ခြမ်းချက်ပြုတ် မစားနိုင်တာ လအတန်ကြာခဲ့ပါပြီ။ နို့တိုက် မိခင်တစ်ယောက်ဟာ အစာအာဟာရ ပြည့်ပြည့်ဝဝ စားသောက်မှသာ သူ့ကလေးကို ကောင်းကောင်းမွန်မွန် နို့တိုက်နိုင်မယ်၊ မိခင်ရော ကလေးပါ အာဟာရပြည့်ဝဖို့အတွက် အာဟာရရှိတဲ့ အစားအစာတွေစားရမယ်ဆိုတဲ့ ကျန်းမာရေးအသိ သူ့မှာရှိပေမယ့် လက်တွေ့မှာ သူ ဘာမှ မတတ်နိုင်ပါဘူး။

မန်နူးက “အခုစားဖို့ ဆန်တော့ ရှိတယ်၊ ဟင်းတွေ ဘာတွေ မရှိဘူး၊ မတတ်နိုင်တော့ မစားဘူး၊ ဒီကလေးမွေးဖို့ ဆေးရုံတက်စရိတ်မရှိလို့ ငွေတိုးချေးပြီး မွေးထားရတယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။

လင်ယောက်ျားဖြစ်သူက ပန်းရန်အလုပ်သမားဖြစ်ပေမယ့် သူတို့နေထိုင်တဲ့ရွာကနေ ကလေးမြို့ပေါ်ကို အလုပ် သွားလုပ်နိုင်ဖို့ လုံခြုံမှုမရှိတဲ့အတွက် အိမ်မှာနေရင်း မီးဖိုးချောင်စရိတ် မရှိတော့တဲ့ အခြေအနေကို ရင်ဆိုင် နေကြရတာဖြစ်ပါတယ်။

လိုအပ်လာရင် စစ်ဘေးရှောင်ဖို့အတွက် ကလေးနဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယတွေကို အသင့်ထုပ်ပိုးထားပေမယ့် သူ့စိတ်ထဲမှာ စစ်ဘေးထက် တစ်လသားအရွယ် သူ့ကလေးငယ် ကလေး နို့ဝဝလင်လင်စို့နိုင်ဖို့ကို ပိုပြီး စိတ်ပူပင်နေတယ်ဆိုတာ သူ့စကားတွေက ဖော်ပြနေတယ်။

မန်နူးလိုပဲ မွေးကင်းစ ကလေးငယ်ငယ်နဲ့ မိသားစုဝင်ငွေ တစုံတရာမရှိဘဲ ရပ်တည်နိုင်ဖို့ ခက်ခဲနေတဲ့ မိခင်တွေထဲမှာ ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ မမေဦးလည်း ပါတယ်။ အမျိုးသားဖြစ်သူက အစိုးရဝန်ထမ်း၊ သူက ပုဂ္ဂလိကဝန်ထမ်းအဖြစ်နဲ့ ဘဝကိုအဆင်ပြေပြေဖြတ်သန်းနေကြတုန်းမှာပဲ စစ်တပ်က အာဏာသိမ်းလိုက်ပြီး မိသားစုဘဝ ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။

စစ်ကောင်စီလက်အောက်မှာ အစိုးရဝန်ထမ်းအဖြစ် ဆက်လုပ်လိုခြင်းမရှိတော့တဲ့ အမျိုးသားဖြစ်သူက အလုပ်ကနုတ်ထွက်လိုက်တယ်။ ကိုဗစ်ကပ်ရောဂါ ဘေးဒုက္ခကို ကာလကြာရှည် ဖြတ်သန်းခဲ့ရလို့ ယိုင်နဲ့နေတဲ့ စီးပွားရေး လုပ်ငန်း တချို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဆက်မလည်ပတ်နိုင်တော့တဲ့အခါ ဝန်ထမ်းတွေကို လျှော့ချခဲ့ကြတယ်။ မမေဦးကလည်း အလုပ်က ဝန်ထမ်းလျှော့ချတဲ့စာရင်းထဲ ပါဝင်ခဲ့တယ်။

CDM ဝန်ထမ်းတွေကို စစ်ကောင်စီက အကြမ်းဖက် ဖမ်းဆီးရိုက်နှက်တာ၊ သတ်ဖြတ်တာတွေရဲ့ ဘေးအန္တရာယ်ကနေ ရှောင်တိမ်းနေရချိန် ကိုယ်ဝန်ဆောင်မိခင် မမေဦးရယ်၊ သားလေးတစ်ယောက်ရယ်ကို ရန်ကုန်မှာ ချန်ထားခဲ့ရပါတယ်။

ကိုယ်ဝန် ရှစ်လပြည့်တဲ့အထိ ကိုယ်ဝန်နဲ့ပတ်သက်ပြီး ဘာကျန်းမာရေးစောင့်ရှောက်မှုမှ မရယူနိုင်ခဲ့သလို၊ သားအမိ နှစ်ယောက်ရဲ့ စားသောက်နေထိုင်ရေးဟာ တဖြည်းဖြည်း ခက်ခဲလာခဲ့တယ်။

“ သူများတွေ ဝိုင်းကူညီထားတဲ့ငွေနဲ့ ဆေးခန်းပြတယ်၊ ကျန်တာလေးကို ကလေးမွေးဖို့ စုထားပေမယ့် သားအမိနှစ်ယောက် ကိုဗစ်ဖြစ်လိုက်တော့ ပိုက်ဆံက ကုန်သွားတယ်” လို့ မမေဦးက ပြောပြတယ်။

မွေးဖွားကာနီး သုံးရက်လောက်အလို ဗိုက်နာလာချိန်အထိ မွေးစရိတ်မရှိသလို၊ ဘယ်ဆေးရုံမှာ ကလေးမွေးခွင့်ရမယ် ဆိုတာ မသိသေးပါဘူး။ နောက်ဆုံးမှာတော့ ညနက်သန်းခေါင်ကြီး ဗိုက်နာလို့ အော်ဟစ်ညည်းညူပြီး ရောက်လာတဲ့သူ့ကို သူနေထိုင်ရာ မြို့နယ်ဆေးရုံကပဲ တာဝန်ယူ ကလေးမွေးပေးခဲ့ပါတယ်။

“ အဲဒီဆေးရုံက အိုဂျီနဲ့ ပြထားဖူးတော့ မွေးပေးလိုက်တာ၊ အဲနေ့ညက ဆေးရုံကသာ ကလေးမွေးမပေးဘူးဆိုရင် သမီး ဘဝက လမ်းပေါ်မှာ ဘယ်လိုများနေမယ် မသိဘူး”လို့ မမေဦးက ဆေးရုံမှာ ကလေးမွေးခွင့်ရခဲ့တဲ့ညအကြောင်းကို ပြန်ပြောပြတယ်။

ကိုယ်ဝန်ဆောင်ကာလမှာရော၊ မီးနေသည်ဘဝမှာပါ မီးဖိုချောင်စရိတ် အကျပ်အတည်းကို တောက်လျှောက် ရင်ဆိုင်နေရတဲ့ မမေဦးရဲ့ လက်ရှိ မျှော်လင့်ချက်ဟာ သူ့အမျိုးသားဖြစ်သူ အလုပ်အကိုင်သစ်တစ်ခု ရရှိဖို့ပဲဖြစ်ပါတယ်။ အခုဆိုရင် သူဟာ အသက် တစ်လအရွယ် ကလေးငယ်ရယ်၊ အသက် ကိုးနှစ်အရွယ် ကလေးငယ်တို့နဲ့ မီးဖိုချောင်စရိတ်ရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

မာန်နူးလို၊ မမေဦးလိုပဲ စားနပ်ရိက္ခာ မလောက်ငှမှုတွေကြောင့် စိတ်ပူပင်နေရတဲ့ နောက်တစ်ယောက်ကတော့ တစ်နှစ်ခွဲအရွယ် ကလေးငယ်ရဲ့မိခင် မမျိုးမျိုးပါ။

မမျိုးမျိုးတစ်ယောက် ကလေးမွေးဖွားပြီး သိပ်မကြာခင် ကိုဗစ်ပထမလှိုင်း စတင်ခဲ့ပါတယ်။ သူ့အမျိုးသားဖြစ်သူက ဆင်စခန်းတစ်ခုမှာ အလုပ်လုပ်တယ်။ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေကနေ စတင်ပြီး အာဏာသိမ်းပြီး နောက်ပိုင်း လစာမှန်မှန်မရတာတွေကြောင့် စားသောက်ရေး ခက်ခဲလာတဲ့အခြေအနေကို ရင်ဆိုင်နေရတယ်လို့ မမျိုးမျိုးက ပြောတယ်။

“ ဆရာမတွေက ပြောတယ်၊ သားရဲ့အလေးချိန်က အဝါရောင်လိုင်းပေါ် ရောက်နေလို့ အာဟာရပြည့်အောင် ကျွေးခိုင်းတယ်၊ အာဟာရမှုန့်တွေလည် းပေးလိုက်တယ်”လို့ ပြီးခဲ့တဲ့ရက်ပိုင်းက မိခင်နဲ့ကလေးဌာနကိုရောက်ခဲ့တဲ့ မမျိုးမျိုးက ပြောပြတယ်။

ကလေးငယ်တစ်ယောက် သူ့အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် မရှိ၊ မကြာခဏလည်း ဖျားနာတတ်တဲ့ သားဖြစ်သူအတွက် သူ့စိတ်ပူပင်မှုက သူ့မျက်နှာပေါ်မှာ ပေါ်လွင်နေပါတယ်။ ကလေးအဖျား ပျောက်ဆေး ဝယ်ဖို့၊ မိသားစုအာဟာရပြည့်ပြည့်ဝဝ စားသောက်ဖို့ဆိုတာတွေဟာ သူ ရင်ဆိုင်နေရတဲ့ တိုက်ပွဲဖြစ်ပါတယ်။

“ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းက တောင့်ခံနိုင်သေးတယ်၊ အာဏာလည်းသိမ်းရော အငတ်ဘေးဆိုက်ဖို့ အခြေအနေရောက်လာပြီ”လို့ မမျိုးမျိုးက ဆိုပါတယ်။

နောက်မိခင်တစ်ဦးကတော့ အရွယ်ငယ်ကလေး နှစ်ဦးမိခင် မပန်းအိဖြူပါ။

မြန်မာပြည်ရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ရဲ့အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မပန်းအိဖြူဟာ စစ်တပ်က အဓမ္မအာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း စီးပွားရေးအကျပ်အတည်းကြောင့် စက်ရုံတွေ ပိတ်သိမ်းလိုက်ကြတော့ အလုပ်အကိုင်တွေ ရပ်နားခံလိုက်ရပါတယ်။ ဝင်ငွေမရှိလို့ လူမမယ်ကလေးငယ် နှစ်ဦးနဲ့ နေ့စဉ်စားသောက်ရေးအတွက် အခက်အခဲမျိုးစုံကို ကြုံလာရတဲ့အခါမှာ သူ့ဇာတိ ရခိုင်ပြည်နယ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါပေမဲ့ ရန်ကုန်ကနေ ဇာတိမြို့အထိ ပြန်ဖို့အတွက် လမ်းစရိတ် လေးသောင်းကျပ်ဝန်းကျင် (ဒေါ်လာ ၂၀ ဝန်းကျင်) တောင် သူ့မှာ ရှိမနေခဲ့ပါဘူး။ စရိတ်ကြီးတဲ့ ရန်ကုန်လို မြို့ကြီးပြကြီးမှာ ဝင်ငွေမရှိဘဲ နေထိုင်ဖို့ဆိုတာ မပန်းအိဖြူအတွက်တော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေပါ။ သူ့ရဲ့ အဓိကရည်မှန်းချက်က ရန်ကုန်ကနေ အမြန်ဆုံးထွက်သွားနိုင်ဖို့ပါပဲ။

ပြီးခဲ့တဲ့ ဧပြီလက ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လာမည့်သုံးလမှ ခြောက်လအတွင်း မြန်မာပြည်က မြို့ကြီးတွေမှာ လူဦးရေ သုံးသန်းထက်မနည်း အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ရမယ်လို့ ထုတ်ပြန်ခဲ့တယ်။

မန်နူး၊ မမေဦး၊ မပန်းအိဖြူနဲ့ မမျိုးမျိုးတို့ဟာ အဲဒီ အငတ်ဘေး ရင်ဆိုင်ရနိုင်တဲ့ လူဦးရေ သုံးသန်းထဲမှာ ပါဝင်လာနေတဲ့ အမျိုးသမီး လေးဦး ဖြစ်ပါတယ်။ အရွယ်ငယ်ကလေးတွေရဲ့မိခင်တွေပဲ ဖြစ်ပါတယ်။ မပန်းအိဖြူကလွဲရင် ကျန်သုံးဦးဟာ အသက်အားဖြင့် ရက်ပေါင်း ၁,၀၀၀ အောက်သာ ရှိနေသေးတဲ့ ကလေးငယ်တွေရဲ့ မိခင်တွေပဲ ဖြစ်ပါတယ်။

တောထဲတောင်ထဲမှာ ပြေးလွှားတိမ်းရှောင်နေရတဲ့ စစ်ဘေးသင့် မိခင်နဲ့ ကလေးတွေလိုပဲ မြို့ပြမှာနေထိုင်ရင်း စားဝတ်နေရေးအတွက် အရေးပေါ်အခြေအနေကြုံနေရတဲ့ မိခင်တွေ မြန်မာပြည်အနှံ့မှာ ရှိနေကြပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ဗိုက်ဗိုက်ကုသိုလ်” ဆိုတဲ့ အဖွဲ့လေးတခုရှိပါတယ်။ အဲဒီအဖွဲ့လေးထဲမှာ အကူအညီ လိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ကလေးမိခင်တွေ၊ အကူအညီလိုနေသူတွေကို တပိုင်တနိုင် မျှဝေပေးနေကြသူတွေ ရှိကြတယ်။

အဖွဲ့ဝင် နှစ်သောင်းကျော်ရှိတဲ့ အဲဒီအဖွဲ့ကို စတင်ခဲ့သူ မဇူးဇူးက “အခုကာလမှာ အမျိုးသမီးတွေဟာ ပိုပြီး ကျပ်တည်းလာကြတယ်၊ စားဝတ်နေရေးတွေ ကျပ်လာတော့ ယောက်ျားတွေက သူတို့ တာဝန်မယူနိုင်တော့ဘူးဆိုပြီး ကလေးတွေနဲ့ မိန်းမတွေကို ပစ်သွားတာတွေ များလာတယ်” လို့ ပြောပြတယ်။

ကိုယ်ဝန်နေ့စေ့လစေ့နဲ့ ဗိုက်မအပ်နိုင်သေးတဲ့ ကိုယ်ဝန်ဆောင်တွေ၊ လင်ယောက်ျား ပစ်ထားခြင်း ခံခဲ့ရတဲ့ ကိုယ်ဝန် ဆောင် မိခင်တွေ၊ သွေးနုနုနဲ့ကလေးမိခင်တွေ၊ ကလေးမွေးစရိတ်မရှိလို့ အကူအညီလိုအပ်နေကြတဲ့ အမျိုးသမီးတွေဟာ ဒီအဖွဲ့ထဲ မှာ အားကိုးတကြီး အကူအညီတောင်းနေကြတယ်။ အမျိုးသမီးအချင်းချင်း၊ မိခင်အချင်းချင်း အပြန်အလှန် အကူအညီ ပေးနေကြတာတွေကို ဒီအဖွဲ့ထဲမှာ တွေ့မြင်နေရတယ်။

မြန်မာပြည်ကို ကိုဗစ်ရောက်လာပြီးနောက်ပိုင်း မီးဖိုချောင်စရိတ် မရှိတော့တဲ့ တိုက်ပွဲကို နေ့စဉ် ရင်ဆိုင်နေရတဲ့ မန်နူးလို မိခင်တွေ၊ စစ်အာဏာရှင်စနစ် တော်လှန်ရေးလုပ်ရင်း စားဝတ်နေရေးတိုက်ပွဲကိုပါ ဆက်လက်ရင်ဆိုင်နေရတဲ့ မမေဦးလို မိခင်တွေ၊ စစ်တပ်က အဓမ္မအာဏာသိမ်းပြီးနောက်ပိုင်း အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးပြဿနာကို ခါးစည်းခံနေရတဲ့ မပန်းအိဖြူလိုမိခင်တွေ၊ အာဟာရမပြည့်ဝတဲ့ကလေးရဲ့အမေ မမျိုးမျိုးလို မိခင်မျိုးတွေဟာ မြန်မာပြည် တနံတလျားမှာ အများအပြားရှိနေပါတယ်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)ရဲ့ ထုတ်ပြန်ချက်တွေအရ လက်ရှိအကျပ်အတည်းတွေမတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ် ရှစ်ယောက်မှာ တစ်ယောက်ဟာ မွေးဖွားချိန်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန် အောက်ကို ရောက်နေပြီး ကလေးငယ် ၄ ပုံ ၁ ပုံဟာ ကိုယ်ခန္ဓာသေးကွေးနေတယ်လို့ သိရတယ်။

ကလေးတိုင်း အာဟာရပြည့်ဝပြီး ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် အာဟာရကို စားသုံးနိုင်ဖို့အတွက် အရေးတကြီး လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ယူနီဆက်က ဆိုထားပါတယ်။

ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ ကလေးငယ်တွေအာဟာရပြည့်ဝစွာ လူစဉ်မီမီ ကြီးပြင်းရှင်သန်ခွင့် ရရှိ စေရေးဆိုတဲ့ လူမှုပြဿနာတွေကို အစိုးရတစ်ရပ်နဲ့ပြည်သူ လက်တွဲညီညီနဲ့ဖြေရှင်းကြဖို့ ကြိုးစားရုန်းကန်နေရတုန်း အခြေ အနေပဲဖြစ်ပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်က တိုင်းရင်းသားဒေသတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် နှစ်နှစ်အောက် ကလေး ငယ်တွေကို လစဉ်ငွေကြေးထောက်ပံ့မှု အစီအစဉ်ရှိခဲ့ပါတယ်။ အခုတော့ အဲဒါတွေအားလုံး ရပ်ဆိုင်းခဲ့တာ ရှစ်လဝန်း ကျင်ရှိခဲ့ပါပြီ။

ကပ်ဘေးဒုက္ခကြားမှာ ရှင်သန်အောင် ကြိုးစားနေကြရတဲ့ မြန်မာပြည်အနှံ့အပြားက သားသည်မိခင်တွေဟာ စစ်အာဏာ ရှင်တွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုလေးလံလာနေပါတယ်။

မိခင်တွေ၊ အိမ်ရှင်မတွေရင်ဆိုင်တိုက်ခိုက်နေရတဲ့ မီးဖိုချောင်စရိတ်တိုက်ပွဲဟာ ဘယ်လောက်ကြာရှည်ဦးမယ်၊ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ဆိုတာ မန်နူး၊ မမေဦး၊ မမျိုးမျိုးနဲ့ မပန်းအိဖြူတို့ အားလုံးမသိကြသလို၊ ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့ အဖြေကလည်း သူတို့မှာ ရှိမနေကြပါဘူး။

ခိုင်ရီ

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up