မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်မှာ အောက်တိုဘာ ၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ ကပစ စက်ရုံ ၂ ရုံက ဝန်ထမ်းမိသားစုဝင် ၅ ယောက် အပါအဝင် ကိုဗစ်အတည်ပြုလူနာ ၂၀ ထပ်မံတွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။
မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှာ မနေ့က နေ့လယ်ပိုင်းမှာ ကိုဗစ်-၁၉ သံသယလူနာတွေနဲ့ နေရပ်ပြန်လာသူ ၂၄၈ ယောက်ကို RDT Test Kits နဲ့ စစ်ဆေးရာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတအဖွဲ့ဝင် တစ်ယောက်က DVB ကို ပြောပါတယ်။
အဲဒီပိုးတွေ့တဲ့အထဲမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ စက်ရုံတွေဖြစ်တဲ့ ကပစ (၁၀) က အမျိုးသား ၂ ယောက်၊ အမျိုးသမီးတစ်ယောက်နဲ့ ကပစ (၁၇) က အမျိုးသမီး ၂ ယောက်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ကိုဗစ်ရောဂါပိုးတွေ့တဲ့ လူနာတွေကို ကပစ စက်ရုံနှစ်ခုက ကိုဗစ်စင်တာတွေနဲ့ လင်းကယ်၊ ရေနံမ၊ လက်ပံတံခါး တိုက်နယ်ဆေးရုံတွေနဲ့ ညောင်ဝိုင်းကျေးရွာ ကိုဗစ်စင်တာတွေမှာ ဆေးကုသပေးနေတယ်လို့ ပြောပါတယ်။
မင်းလှမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၂၉ ဦး တွေ့ရှိခဲ့ပြီးတော့ သေဆုံးတဲ့သူ ၆၇ ယောက်ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။