ရေစကြိုမြို့နယ်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာစည်ကျေးရွာအုပ်စုက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းဟာ အောက်တိုဘာ ၁ ရက်နေ့ ညနေ ၅ နာရီခွဲဝန်းကျင်လောက်က ရွာအဝင်လမ်းမှာ သေနတ်နဲ့ပစ်သတ်ခံရပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံကျေးရွာသားတဦးက “သူက ရဲသတင်းပေးဆိုပြီး နာမည်ကြီးနေတာ။ အုပ်ချုပ်ရေးမှူး လုပ်ရဲတယ်ဆိုပြီး အသံချဲ့စက်ကြီးနဲ့အော်ခဲ့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSO-PDf) က ပစ်သတ်လိုက်တာလို့ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။ 

“စစ်ကောင်စီရဲ့ အောက်ခြေဒေါက်တိုင်အုပ်ချုပ်ရေးမှူးတွေကို စက်တင်ဘာလကုန် နောက်ဆုံးထား နုတ်ထွက်ကြဖို့ သတိပေးခဲ့ပြီးပြီ။ သူတို့သမိုင်း သူတို့ရေးတာလေ။” 

ရေစကြိုမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၈၉ အုပ်စုရှိပြီး နုတ်ထွက်သူ၊ ထွက်ပြေးသွားသူနဲ့  သေဆုံးသူ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃၀ ဦးထက်မနည်း ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

More News
Up