DVB Logo
Home
မြန်မာသတင်း
မလေးတွင် မြန်မာအလုပ်သမား ၉၇ ဦး၏ အသက်အန္တရာယ် စိုးရိမ်နေရ
DVB
·
December 26, 2013
မလေးတွင် မြန်မာအလုပ်သမား ၉၇ ဦး၏ အသက်အန္တရာယ် စိုးရိမ်နေရ
Donate to DVB

မလေးရှားနိုင်ငံ ဆာဘားဆာရ၀ပ်ပြည်နယ်ရှိ မီရီ(Miri) ဆိပ်ကမ်းမြို့ ရှင်းရန်းသင်္ဘောကျင်း စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၉၇ ဦးဟာ အင်ဒိုနီးရှားအလုပ်သမားတွေက ရန်ပြု တိုက်ခိုက်မှုကြောင့် ဂိုထောင်တခုမှာ ပုန်းအောင်းနေကြရပြီး အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

[caption id="attachment_49157" align="alignright" width="300"]ဓာတ်ပုံ - maung maung ဖေ့ဘုတ် ဓာတ်ပုံ - maung maung ဖေ့ဘုတ်[/caption]ဒီဇင်ဘာ ၂၃ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးနဲ့ အလုပ်ဌာနတခုတည်းမှာ လုပ်ကိုင်နေတဲ့ အင်ဒိုနီးရှားအလုပ်သမားတွေ အချင်းများရာကနေ အင်ဒိုနီးရှားအလုပ်သမား ၃၀၀ ကျော်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ နေအိမ်တန်းလျားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို မီးရှို့ ဖျက်ဆီးပြီး လိုက်လံ ရန်ပြုတဲ့အတွက် ဂိုထောင်ထဲမှာ ပုန်းအောင်းနေထိုင်နေရတာ ဖြစ်ပါတယ်။

လတ်တလော အခြေအနေကို ဂိုထောင်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့ မြန်မာအလုပ်သမား ဦးတင်ဦးက “မနက်က ကျနော်တို့ကို လူစုခွဲဖို့အတွက် လုံခြုံရေးနဲ့ စက်ရုံက အရာရှိတွေက လာပြီး ကားပေါ်တက်ဖို့ အာဏာနဲ့ လူအင်အားနဲ့ လာပြီး ခြိမ်းခြောက်ပါတယ်။ အကုန်လုံးက ကားပေါ်မတက်ဘဲ ဒီနေရာမှာပဲ ထိုင်စောင့်နေကြတယ်” လို့ ပြောပါတယ်။

လက်ရှိ နေထိုင်စားသောက်နေရတဲ့ အခြေအနေကို ဦးတင်ဦးက “ကျနော်တို့ အခက်အခဲတွေက အများကြီးပါ။ အစားအသောက်တွေ ခက်ခဲနေပါတယ်။ နေရတာ အိပ်ရတာလည်း သတင်းစာစက္ကူတွေ ခင်းပြီး အိပ်နေရပါတယ်။ ဒီ ဂိုထောင် ကလေးထဲကနေ ဘယ်နေရာမှ မသွားရဲပါဘူး။ အပြင်တွေလည်း မထွက်ရဲပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အသက်အန္တရာယ်က စက္ကန့်တိုင်း စက္ကန့်တိုင်း၊ မိနစ်တိုင်း မိနစ်တိုင်းမှာ တော်တော်ကြီး အန္တရာယ်လည်း ရှိနေပါတယ်ဗျာ။”

ဒီဇင်ဘာ ၂၃ ရက်ကနေ ဒီနေ့အထိ ဂိုထောင်ထဲမှာ ပုန်းအောင်းနေထိုင်နေကြရတဲ့ အလုပ်သမား ၉၇ ဦး ကိစ္စကို မြန်မာသံရုံးက လတ်တလော ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံး အလုပ်သမား ကိုယ်စားလှယ် ဦးစိုးဝင်း က အခုလို ပြောပါတယ်။

“မြန်မာပြည်က ပို့တဲ့ အေဂျင်စီကို ခေါ်ထားပါတယ်။ သူတို့နဲ့ အတူတူ သွားဖို့ စီစဉ်နေပါတယ်။ ကျနော်တို့ သိရတာက မနေ့ကမှ သိရတယ်။ မလေးအာဏာပိုင်တွေနဲ့ ကျနော်တို့ ဆက်သွယ်နေပါတယ်။ ဆာဘားဆာရ၀ပ်ပြည်နယ်ဘက်က သက်ဆိုင်ရာဌာနတွေနဲ့ ချိတ်နေတယ်။ ဘယ်အချိန်လောက် သွားဖြစ်မလဲဆိုတော့ မြန်မာပြည်က လာတဲ့လူတွေအပေါ် မူတည်မယ်။ မြန်မာပြည်ကလာတဲ့ လူနဲ့ အေဂျင်စီနဲ့ သံရုံးနဲ့ ပေါင်းပြီး သွားဖို့ စီစဉ်ထားပါတယ်။”

မြန်မာအလုပ်သမား ၉၇ ဦးထဲက အများစုက မြန်မာပြည်ကို ပြန်ချင်နေကြပြီး ကုမ္ပဏီပိုင် ဂိုထောင်တခုတွင် စုစည်း နေထိုင်ကာ စားသောက်ရေးအတွက် ကုမ္ပဏီမှ ပေးတဲ့ ထမင်းစား ကူပွန်များသုံးပြီး စားသောက်နေကြရကြောင်း သိရပါတယ်။

မလေးရှားမှာ တရားဝင် အလုပ်သမား ၃ သိန်းနဲ့ တရားမဝင် ၄ သောင်းလောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013