Home
ဆောင်းပါး
ယွန်းစလင်းမြစ်ကမ်းဘေးက ငိုကြွေးသံ
DVB
·
October 1, 2021
244295632_949836242543316_6630014003846098861_n
244295543_949836185876655_5309453188559952954_n
244295531_949836375876636_6938013411902138446_n
244244204_949836012543339_1394867911950538158_n
244207361_949836299209977_3421718977595806543_n
244198382_949836775876596_2828033786452378638_n
244132442_949836475876626_2690787317570157320_n

ပြင်းထန်စွာရွာသွန်းနေတဲ့ စက်တင်ဘာမိုးနဲ့အတူ ဘားအံ-ဖာပွန်ကားလမ်းမကြီးကနေ ဒေါနတောင်ခြေကို ၂ နာရီလောက် လမ်းလျှောက်လိုက်ရပါတယ်။

ပထမဆုံးတွေ့ရတာကတော့ ဝါးပိုးဝါးနဲ့ဆောက်လုပ်ထားတဲ့ အင်ဖက်မိုး၊ အင်ဖက်ကာ တဲအိမ်လေးတွေပါ။ တဲအိမ်ပေါ်မှာတော့  အင်္ကျီအပြာလက်တိုနဲ့ ရိုးရာကရင်ထဘီအနီ     ဝါးကြမ်းခင်းပေါ် ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့အမည်က  ဒေါ်အေးအေးဖြစ်ပြီး ကလေး နှစ်ယောက်မိခင်လည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မိသားစုရှေ့ရေးအတွက် တွေးတောရင်း စိုးရိမ်သောကတွေနဲ့ ပူပန်နေရတယ်လို့ သူကပြောပါတယ်။

ဒေါ်အေးအေးဟာ ကေအန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်မြိုနယ်(မူတြော်ခရိုင်) မဲဝိုင်ကျေးရွာမှာနေထိုင်သူ တစ်ဦးဖြစ်ပါတယ်။ မတ်လကစတင်ပြီး ကေအန်ယူတပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်အတွင်း အကြမ်းစစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တို့ နေစဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေဟာ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို သူနေထိုင်တဲ့ မဲဝိုင်းကျေးရွာက ဒေသခံတွေဟာလည်း မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြည်သူကရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရဆီက အာဏာသိမ်းယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကေအန်ယူ၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းကို လူအင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းတာ၊ နယ်မြေတိုးချဲ့တာနဲ့ စစ်စခန်း တည်ဆောက်တာတွေ လုပ်လာပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တို့ နေစဉ်တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီဘက်က လေယာဉ်ပျံတွေနဲ့ ဗုံးကြဲတိုက်ခိုက်လာတာတွေကြောင့် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်(မူတြော်ခရိုင်) အတွင်းက ဒေသခံတွေဟာ နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရတာပါ။

ကျေးရွာအတွင်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ တပ်နဲ့ လေယာဉ်သံကိုပါ နားထောင်ပြီး ဘယ်လိုပုန်းရှောင်ရမလဲဆိုတဲ့ စိတ်သောကနဲ့ ဘယ်နေ့သေမလဲဆိုတာ တွေးရင် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ ဒေါ်အေးအေးက ဆိုပါတယ်။

“စစ်သားတွေက အမျိုးမျိုးဒုက္ခပေးတာ။ ရင်တထိတ်ထိတ်နဲ့ ဘယ်နေ့သေမလဲ သေမလဲ။  အဲဒါကိုပဲ စိုးရိမ်နေရတာပေါ့။ နောက်တော့ အမိုးတို့လည်း လွတ်ရာနေရာတွေ  ကျင်းပုန်းတွေတူး၊ နယ်စပ်တွေကို ပြေးရတာပေါ့။” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်နေ့က ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ နယ်‌မြေအတွင်းက စစ်ကောင်စီရှေ့တန်း သော်လဲထစခန်းနဲ့ ဆက်စပ်စခန်းနှစ်ခုဖြစ်တဲ့ မရာထာနဲ့ ဉသူးထစခန်းတွေကို တပြိုင်တည်းတိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။

စစ်ကောင်စီကလည်း တိုက်လေယာဉ်တွေနဲ့ တညနေလုံး လာရောက်ပစ်ခတ်သွားခဲ့သလို ၂၈ ရက်နေ့မှာ  သံလွင်မြစ်ကမ်းနံဘေး ထိုင်းနယ်စပ် ဝေဖိုးထာကျေးရွာ(ဒါးခွေနဲ့ ဉသူးထာကြား) ပလောခိုကျေးရွာ(ဘွားဒဲကျေးရွာအုပ်စု)တွေကို တိုက်လေယာဉ်တွေနဲ့ ၄ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သွားတဲ့အတွက် ထိခိုက်မှုနဲ့ ပျက်စီးမှုတွေရှိခဲ့သလို ရွာသား ၃၀၀၀ နီးပါ နီးစပ်ရာတောတွေထဲ ထွက်ပြေးပုန်းရှောင်ခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့ကစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက နိုင်ငံအနှံက မြို့ကြီးတွေနဲ့ ကျေးလက်တွေမှာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက်နှိမ်နင်းပြီး ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ တချိန်တည်းမှာ ကရင်နယ်မြေအပါအဝင် တိုင်းရင်းသားနယ်မြေတွေကို  လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

လူဦးရေ ၇၀၀၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဒေသခံရွာသားတွေဟာ တောထဲတွေ၊ လိုဏ်ဂူတွေနဲ့ ထိုင်းနယ်စပ်တလျှောက် ထွက်ပြေးခဲ့ရတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN )က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကကျေးရွာအတွင်း သေနတ်နဲ့ပစ်ခတ်တာတွေ၊ ဖမ်းဆီးရိုက်နှက်တာတွေကြောင့် ဖာပွန်မြို့နယ်(မူတြော်)၊ မထောကျေးရွာကနေ အမျိုးသားဖြစ်သူရဲ့မိဘတွေနေထိုင်တဲ့ ဖာပွန်မြို့နယ်၊ ပိုဝါးခို့ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရာမှာ စားသောက်ရေး ခက်ခဲလာတဲ့အတွက် မိမိကျေးရွာကိုပြန်ချင်ပေမဲ့ မပြန်ရဲသေးဘူးလို့ ဖာပွန်မြို့နယ်၊ မထောကျေးရွာက အသက်၂၇ နှစ်အရွယ် နန်းရွှေမိုး(အမည်လွှဲ)က ဆိုပါတယ်။

“ရွာမှာတော့ ပြန်မနေရဲသေးဘူး။ စစ်ကောင်စီကတော့ ပြန်ခေါ်တယ်။ ပြန်မရဲသေးဘူး။ အထင်မှားပြီး။ စစ်ကောင်စီက ရိုက်တယ်။ တိုက်ပွဲတွေဖြစ်လာရင် အခက်အခဲတွေက အများကြီးရှိတာပေါ့။ ပြောလို့တောင် မတတ်တော့ဘူး။ အခု စားစရာဆန်တို့ ပိုက်ဆံတို့ မရှိတော့ဘူး”လို့ သူကဆိုပါတယ်။

ဖာပွန်(မူတြော်) ခရိုင်အတွင်း မတ်လကစတင်ပြီး ပြန်လည်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ ၄၀၀၀၀ နီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရာမှာ အမျိုးသမီး ၁၉၀၀၀ နီးပါးပါဝင်တယ်လို့ သိရပါတယ်။ 

ဒေသခံအမျိုးသမီးတချို့ဟာ စစ်ကောင်စီရဲ့တပ်နဲ့ နယ်ခြားစောင့်တပ် (BGF)တွေရဲ့ လူသားဒိုင်းအဖြစ် အသုံးပြုခံရတာ၊ အတင်းအဓမ္မခိုင်းစေခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာ၊ အကြမ်းဖက်ခံရတာတွေရှိတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)တွေက စက်တင်ဘာ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ပြေးရှောင်နေရတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေဟာ ကြီးမားတဲ့အခက်အခဲတွေအပြင် အသက်အန္တရာယ်တွေနဲ့ပါ ရင်ဆိုင်နေရတဲ့အတွက် စစ်ကောင်စီအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားတဲ့ ဉပဒေတွေကို လိုက်နာဖို့လိုတယ်လို့ ကရင်အမျိုးသမီးအရေး ဆောင်ရွက်ပေးနေတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ဒါရိုက်တာ နော်ထူးထူးက ဆိုပါတယ်။

“သူတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အသက်အန္တရာယ်တွေ အသက်သေဆုံးတာတွေလည်း ရှိတယ်။ ဒါကြောင့်မို့ အမျိုးသမီးနဲ့ကလေးငယ်တွေ ကာကွယ်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့တွေက အထူးသဖြင့် စစ်ကောင်စီစစ်တပ်တွေက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေတွေကို လိုက်နာဖို့လိုတယ်။"

ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီက ဒေသခံကရင်အမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်နဲ့ အတင်းအဓမ္မ  အသုံးပြုခိုင်းစေတာတွေ ရှိတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က ကေအန်ယူ၊ တပ်မဟာ ၁၊ သထုံခရိုင်အတွင်း စစ်ကောင်စီရဲ့ BGF ၁၀၁၃ တပ်ရင်း၊ တပ်ခွဲ ၂ က တပ်ချိန်းပြောင်းပြုလုပ်ရာမှာ ဘီလင်းမြို့နယ် ကုန်းရွာကျေးရွာက အမျိုးသမီး ၃၅ ဦး၊ ပျဉ်းမပင်ဆိပ်ကျေးရွာက ၃၀ ဦး၊ ကျသောင်းဆိပ်ကျေးရွာက ၆၇ ဦး၊ ကြိုးဝိုင်းကျေးရွာက ၁၀၀ ဦးနဲ့အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၂ ဦးအပါအဝင် ဒေသခံအမျိုးသမီးတွေ ၃၀၀ နီးပါးကို လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တဲ့အပြင် စားနပ်ရိက္ခာ၊ စစ်သုံးပစ္စည်းတွေကို သယ်ယူပို့ဆောင်ဖို့ အတင်းအဓမ္မ ခိုင်းစေခဲ့တယ်လို့ ကေအန်ယူက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်အသုံးပြုနေတာနဲ့ ပတ်သက်ပြီး ကေအန်ယူအနေ ဒေသခံပြည်သူတွေအတွက် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ရမှာဖြစ်သလို လူသားဒိုင်းအနေနဲ့ အပြုသုံးလာတာ နအဖ၊  နဝတ၊ လက်ထက်တည်းက အသုံးပြုလာတာလို့ ကေအန်ယူ၊တပ်မဟာ ၁ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဆိုပါတယ်။

“အမှန်တကယ် နယ်‌မြေရှင်းလင်းချင်ရင် ပစ်တာခတ်တာရှိရင် ကေအန်ယူ၊ ကေအန်အယ်လ်အေနဲ့ ပစ်ကြပေါ့။ ရွာသားကိုဓားစာခံလုပ်သာတော့ မလုပ်သင့်ဘူး။ အမျိုးသမီးတွေကိုလူသားဒိုင်းအနေနဲ့ သုံးနေတာ နအဖ၊ နဝတ၊ အခုလက်ရှိ စစ်ကောင်စီကော သုံးနေကျပဲ”လို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေရင် လုပ်ကိုင်စားသောက်ရတာ အဆင်မပြေသလို ဆက်လက်ပြီး တိုက်ပွဲတွေဖြစ်ပွားနေရင် အမျိုးသမီးရဲ့ ဘဝလုံခြုံရေးနဲ့ အခွင့်အရေးတွေဆုံးရှုံးတဲ့အတွက် နှစ်ဦးနှစ်ဖက်စလုံး တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ဖို့ ဖာပွန်(မူတြော်)ခရိုင်အတွင်းက စစ်ဘေးရှောင်အမျိုးသမီးတွေက တိုက်တွန်းတောင်းဆိုကြပါတယ်။

ဖာပွန်မြို့နယ်၊ ရေပူကျေးရွာက အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက“စစ်တိုက်တာ ရပ်ပဲရပ်ခိုင်းချင်တာပေါ့။ အဲလိုပဲတိုက်ပွဲဖြစ်ပွားနေရင်လုပ်စား ကိုင်စားဘယ်တော့အဆင်ပြေမလဲ။ အဆင်မပြေတော့ဘူးလေ။ တိုက်ပွဲဖြစ်နေမယ်ဆိုရင် မဖြစ်စေချင်တော့ဘူး။ တိုက်ပွဲဖြစ်ရင်လည်း ကျမတို့ အမျိုးသမီးနဲ့ကလေးတွေပဲ နစ်နာတယ်။ အဲဒါကြောင့် သူတို့နှစ်ဦးနှစ်ဖက်စလုံး မတိုက်တော့ပါနဲ့လို့ တိုက်တွန်းချင်တယ်”လို့ ပြောပါတယ်။

စစ်ပွဲတွေမရှိမှသာ ဘဝရှေ့ရေးနဲ့ လုံခြုံမှုအတွက် ပိုကောင်းပြီး  ထာဝရငြိမ်းချမ်းဖို့အတွက် စစ်ပွဲတွေရပ်ပေးဖို့နဲ့  ကိုယ့်အိမ်ကိုယ်ယာပြန်နေဖို့ ငြိမ်းချမ်းချင်ပြီလို့ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းကို မဲသဝေါကျေးရွာကနေ စစ်ရှောင်ပြေးလာတဲ့ နော်စေးအွာ(အမည်လွဲ)အမျိုးသမီးငယ်တစ်ဦးက ဆိုပါတယ်။

“တိုက်ပွဲတွေရပ်မှပဲ သမီးတို့ အတွက်ဘဝရှေ့ရေးတွက်  လုံခြုံမှုအတွက်ပိုကောင်းမယ်။  ထာဝရငြိမ်းချမ်းဖို့အတွက် စစ်ပွဲတွေရပ်ပေးပါ။  ကိုယ့်အိမ်ကိုယ်ယာပြန်နေဖို့အတွက် လုပ်ပေးပါ။ နိုင်ငံမှာ စစ်မဖြစ်ချင်တော့ဘူ။ ငြိမ်းချမ်းချင်ပြီ”သူက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီနဲ့ BGF တပ်တွေက အနိုင်ကျင့်ဖိနှိပ်တာတွေ၊ အတင်းအဓမ္မခိုင်းစေတာတွေကြောင့် ဒေသခံအမျိုးသားတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်သလို ကျေးရွာမှာကျန်ရှိခဲ့တဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေကို လူသားဒိုင်းအဖြစ် ပေါ်တာဆွဲပြီး အတင်းအဓမ္မ စေခိုင်းနေတာတွေရှိနေဆဲပါ။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက် နေ့လယ် ၂ နာရီက ကော့ကရိတ်မြို့နယ်၊ (ဒူးပလာယာခရိုင်)၊ ပိုင်ကလာကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ တိုက်ပွဲဖြစ်ပွားရာမှာ အသက် ၃၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်က  ဖမ်းဆီးခေါ်ဆောင်သွားပြီး လူသားဒိုင်းသဖွယ်ရှေ့က လမ်းပြခိုင်းခဲ့ပါတယ်။

လားတူ ၂၀၂၁ ဩဂုတ် ၁၉ ရက် နေ့လယ် ၁ နာရီလောက်က လယ်ထိုစခန်းကိုလာရောက်တဲ့ အမှတ် ၃၄၁ ခြေလျင်တပ်ရင်းနဲ့ ၄၁၀ ခြေလျင်တပ်ရင်းက မူတြော်ခရိုင် ဘူးသိုမြိ့နယ်၊ ခေါပူကျေးရွာအုပ်စုအတွင်းမှာ ခေတ္တရပ်နားခိုက်မှာ အမျိုးသမီး ၃ ဦးကိုဖမ်းဆီးခဲ့ပါတယ်။ 

နောက် စစ်ကြောင်းရှေ့ကနေ လူသားဒိုင်းအဖြစ်အသုံးပြု စေခိုင်းခဲ့သလို အတွင်းသတင်းမေးမြန်းရာမှာ  ခြေနဲ့ကန်ခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတဲ့အခါ  ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေကျန်ရှိခဲ့တယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နဲ့ ကရင် လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ထားပါတယ်။

ပဋိပက္ခနဲ့ မငြိမ်းချမ်းတဲ့အချိန်တွေမှာ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ၊ ဘဝမလုံခြုံမှုတွေ၊ အဆိုးဝါးဆုံးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့  ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဗဟိုကော်မတီဝင် နော်သဇင်တုပ်က ပြောပါတယ်။

“အခုလိုမျိုး မငြိမ်းချမ်းတဲ့အချိန်တွေမှာ ပိုပြီးတော့ ခက်ခဲတယ်လို့ ကျမမြင်တယ်။ ပိုပြီးတော့ အမျိုးသမီးတွေက ဘဝမှာမလုံခြုံဘူးပေါ့။ မလုံခြုံတဲ့အပြင်ကို အဓိကပြောမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့ ပြောစရာမရှိလောက်အောင်ကို ပိုများတာပေါ့။ အခုလိုမျိုးပဋိပက္ခဖြစ်နေတဲ့အချိန်မှာ အဆိုးဝါးဆုံး အခြေအနေပေါ့။ ပိုပြီးတော့ စိန်ခေါ်မှုတွေလည်း များတယ်”။

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒေသခံအမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် အနိုင်ကျင့်နှိပ်စက်ပြီး သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တဲ့ ကျူးလွန်မှုတွေအပြင် နေအိမ်မှာမွေးမြူးထားတဲ့ တိရစ္ဆာန်တွေ၊ ရွှေ၊ ငွေတွေနဲ့ စားသောက်စရာတွေကို လုယက်ယူဆောင်သွားတဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

၂၀၂၀ ဇူလိုင် ၁၆ ရက်က စကခ ၈ လက်အောက်ခံခမရ ၄၀၉ တပ်ရင်းက တပ်ဖွဲ့ဝင် ၂ ဦးဟာ စခန်းပြင်ပမှာရှိတဲ့ ပိုလိုထရွာကိုသွားရောက်ပြီး ဒေသခံရွာသူ နော်မုနော်ကို ပစ်သတ်ပြီး နားကွင်း ၁ ရံ၊ ရွှေဆွဲကြိုး ၁ ကုံးကို ဆွဲဖြုတ်ယူဆောင်သွားတဲ့အပြင် ရွာသူရွာသားတွေကိုပါ ခြိမ်းခြောက်ခဲ့သေးတယ်လို့  ကရင်လူငယ်ကွန်ရက်က  ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဗဟိုကော်မတီဝင် နော်သဇင်တုပ်က ”အဲဒီနယ်မြေမှာကျတော့သိတဲ့ အတိုင်းပဲ အမျိုးသမီးကတော့ တော်တော်လေးများတယ်။ ကလေးသူငယ်တွေလည်းများတယ်။ အကြမ်းဖက်ခံရတာတွေ အစော်ကားခံရတာတွေ ဒါတွေကတော့ ဒီဘက်ကာလမှာ မဖြစ်သင့်တော့ဘူး”လို့ ပြောပါတယ်။

ကေအန်ယူ၊တပ်မဟာ ၁ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က “စစ်ကောင်စီအနေနဲ့ ဒေသခံအမျိုးသမီးတွေအပေါ် လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ၊  လူအခွင့်အရေးချိုးဖောက်တာတွေကို သတင်းမီဒီယာတွေအနေနဲ့ကော၊ တခြားသောနိုင်ငံတကာအဖွဲ့အစည်းကပါ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဖော်ထုတ်ပေးကြဖို့တိုက်တွန်း တောင်းဆိုပါတယ်လို့" ပြောပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅  မှာပါဝင်တဲ့ ပဋိပက္ခ ဖြစ်ပွားရာဒေသက အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို  အထူးအလေးထားဖို့ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတာဖြစ်လို့ လိုက်နာဖို့လိုအပ်တယ်လို့ အန်ဂျီအို၊ အိုင်အန်ဂျီအို၊ အရပ်ဖက်အဖွဲ့အစည်းတွေက  တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅  ကို လိုက်နာအကောင်အထည်ဖော်ဖို့အတွက် ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်နိုင်ဖို့က တာဝန်ရှိတဲ့သူပေါ် မူတည်တယ်လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ဗဟိုကော်မတီဝင် နော်သဇင်တုပ်က ပြောပါတယ်။

“ဒီမှာအကောင်အထည်ဖော်ဖို့အတွက် ဒီမှာတာဝန်ပေးထားတဲ့သူရဲ့ကဏ္ဍက အ‌ရေးကြီးတာပေါ့။ ထိရောက်တဲ့အရေးယူမှုတွေ ထိရောက်တဲ့ စစ်တမ်းကောက်ယူမှုတွေ၊ ဒီရောက်တဲ့ ကူညီမှုတွေ မလုပ်ပေးနိုင်ဘူးဆိုလိုရှိရင် ကျမတို့က ဒီဥပဒေကစာရွက်ထဲမှာပဲရှိမယ်။ အကောင်အထည်ဖော်ဖို့ဆိုတာ ကျမတို့ နည်းနည်းဝေးနေဦးမယ်။ အဲဒါက ကျမအမြင်တော့ တာဝန်ရှိတဲ့သူဆီမှာပဲ မူတည်တယ်”လို့ ဆိုပါတယ်။

ဖာပွန်ခရိုင်(မူတြော်) ကေအန်ယူတပ်မဟာ ၅  နယ်မြေအတွင်းက ဒေသခံအမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာခံစားလာခဲ့ရတဲ့ စစ်ရဲ့ပဋိပက္ခတွေကို နာကျင်မုန်းတီးသံတွေနဲ့အတူ ဝမ်းနည်းငိုကြွေးသံတွေ ဘယ်အချိန်ထိကြားနေရဦးမှာလဲဆိုတဲ့ စိုးရိမ်မှုတွေအစား ငြိမ်းချမ်းရေးချိုးကူးသံတွေကို ယွန်းစလင်းမြစ်‌ရေစီးသံတွေနဲ့အတူ ကြားချင်နေမယ်ဆိုတာ မုချဧကန်ပဲဖြစ်ပါလိမ့်မယ်။

အောင်ခန့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024