ကချင်စစ်ရှောင်များ ဆေးဝါးနှင့်အစားအသောက် အကူအညီလိုအပ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာမှာ တိုက်ပွဲတွေကြောင့် စစ်ဘေး ရှောင်လာတဲ့ ခွန်ဆိုင်ယန်ကျေးရွာပြည်သူတွေ ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၅ ရက်က  ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခွန်ဆိုင်ယန်ကျေးရွာအတွင်း လက်နက်ကြီးတွေကျခဲ့လို့ ဒေသခံတွေဟာ လဝါးကျေးရွာက ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေရကာ ကျန်းမာရေးနဲ့ အစား အသောက်အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ စစ်ရှောင်တစ်ဦးက "စစ်ရှောင်တွေထဲမှာ အသက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးတွေပါတယ်။ ကလေးတွေ လည်း ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေလည်းပါတယ်။ တချို့ ဖျားနေတဲ့သူတွေလည်း ရှိတယ်။ အဓိက လိုအပ်နေတာကတော့ ဆေးဝါးနဲ့ အစားအသောက်ပဲ" လို့ ပြောပါတယ်။

လဝါးကျေးရွာက RC ဘုရားကျောင်းနဲ့ KBC ဘုရားကျောင်းတွေရောက် စစ်ရှောင်တွေ အတွက် ခွန်ဆိုင်ရန်အသင်းတော်က ဆန်ထောက်ပံ့ပေမဲ့ ဟင်းအတွက်ကတော့ အဆင်ပြေသလို စားသောက်နေရတယ်လို့လည်း ပြောပါတယ်။

လဝါးကျေးရွာက KBC ဘုရားကျောင်းနဲ့ RC ဘုရားကျောင်းမှာ ခွန်ဆိုင်ရန်ကျေးရွာက စစ်ရှောင် သူ ၄၀၀ ကျော်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ 

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက ကျေးရွာအနီးဝန်းကျင်မှာ စခန်းချနေတာကြောင့် နေရပ် မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။

More News
Up