DVB Logo
Home
မြန်မာသတင်း
မွန်အမျိုးသားပါတီ ဖွဲ့စည်းထူထောင်
DVB
·
December 25, 2013
မွန်အမျိုးသားပါတီ ဖွဲ့စည်းထူထောင်
Donate to DVB

မွန်နိုင်ငံရေးပါတီ ၂ ခုဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက အဖွဲ့ဝင်တချို့ ပူးပေါင်းပြီး မွန်အမျိုးသားပါတီကို ဖွဲ့စည်းထူထောင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က မော်လမြိုင်မြို့က မွန်ပရိယတ္တိစာသင်တိုက်မှာ မွန်နှစ်ပါတီ ပူးပေါင်းရေးတွင် နှစ်ဖက်ပါတီ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးကြပြီး ပါတီသစ်အမည်ကို အတည်ပြုခဲ့ကြတာ ဖြစ်ပါတယ်။

[caption id="attachment_49130" align="alignright" width="300"]ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက မွန် ၂ ပါတီ ပူးပေါင်းရေးအတွက် အစည်းအဝေးကျင်းပခဲ့ရာမှာ မွန်ပါတီ ၂ ခုစလုံးက တပါတီအဖြစ် ပူးပေါင်းသွားမယ်ဆိုပြီး ကတိပြုစဉ် ဧပြီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီက မွန် ၂ ပါတီ ပူးပေါင်းရေးအတွက် အစည်းအဝေးကျင်းပခဲ့ရာမှာ မွန်ပါတီ ၂ ခုစလုံးက တပါတီအဖြစ် ပူးပေါင်းသွားမယ်ဆိုပြီး ကတိပြုစဉ်[/caption]ပါတီထူထောင်ခွင့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ တရားဝင် မှတ်ပုံတင်ဖို့အတွက် လာမယ့် ဇန်န၀ါရီလ ၅ ရက်နေ့မှာ ထပ်မံဆွေးနွေးကြမယ်လို့ မွန်ဒီမိုကရေစီပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောပါတယ်။

“ပါတီ ပေါင်းပြီးရင် ဇန်န၀ါရီလ ၅ ရက်နေ့မှာ အစည်းအဝေးတခု ထပ်ခေါ်ထားတယ်။ အဲဒီမှာ ၂ ပါတီကို ဘယ်လိုပူးပေါင်းမလဲ။ မူဝါဒတွေ ဘယ်လိုရေးဆွဲမလဲပေါ့။ ပါတီတည်ထောင်လိုသူ ၁၅ ဦးကိုလည်း ရွေးမယ်။ ပြီးတော့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပုဒ်မ ၅ အရ ပါတီအသစ် ထူထောင်သလိုပေါ့။ ပါတီ ၂ ခုကနေ တခုတည်းဖြစ်သွားတဲ့ ပုံစံမျိုးမဟုတ်ဘူး။ ဒါပေမယ့် ဟိုဘက်ပါတီက လူတွေ အတော်များများ ဒီဘက်ပါတီနဲ့ လာပေါင်းမယ်။”

မွန်ပြည်သူတွေနဲ့ သံဃာတွေက လိုလားတောင်းဆိုချက်အရ မွန်အမျိုးသားပါတီကို ထူထောင်လိုက်တာဖြစ်ပြီး မွန် ၂ ပါတီပူးပေါင်းထားတဲ့ ပါတီဖြစ်တဲ့အတွက် နိုင်ငံရေး၊ စည်းရုံးရေးအင်အားတွေ ပိုကောင်းလာမယ်လို့လည်း ဒေါက်တာ မင်းစိုးလင်းက ပြောပါတယ်။

မွန်အမျိုးသားပါတီ ထူထောင်ခွင့်ကျလာရင်တော့ မွန်ဒီမိုကရေစီပါတီကို ဖျက်သိမ်းသွားဖို့လည်း အစီအစဉ်ရှိနေပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဘက်မှာတော့ ပူးပေါင်းဖို့ အဆင်မသင့်သေးတဲ့ ပုဂ္ဂိုလ်တချို့လည်း ရှိနေသေးတဲ့အတွက် ပါတီဟောင်းကို ဆက်လက်ထားရှိနေပါတယ်။

ပါတီပူးပေါင်းဖို့ အခြေအနေနဲ့ ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မေးမြန်းရာမှာ ပါတီတွဲဘက်အထွေထွေအတွင်းရေးမှူး နိုင်စံတင်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“နောက်တပတ် ပါတီဗဟိုကော်မတီ အစည်းအဝေးလုပ်မယ်။ ဇန်န၀ါရီ ၅ ရက်နေ့မှာပါ။ အစည်းအဝေး ပြီးရင် အဖြေသိရမယ်။ အဆင်ပြေရင် သတင်းစာရှင်းလင်းပွဲပါလုပ်မယ်။”

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလမှာ တည်ထောင်ခဲ့တာဖြစ်ပြီး မွန်ဒီမိုကရေစီပါတီကတော့ ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြီးခဲ့တဲ့နှစ် မေလကမှ အမည်ပြောင်းလဲပြီး ပါတီတည်ထောင်ခွင့် ရထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013