မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက အပြစ်မဲ့ ဒေသခံရွာသားနှစ်ယောက်ကို အကြမ်းဖက် စစ်ကောင်စီရဲ့တပ်က ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။
ပိန္နဲတောအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ- ၄၀၆ လှုပ်ရှားစစ်ကြောင်းက ဝီရောကျေးရွာ ကားလမ်းမပေါ်မှာ ပလယ်ပျူရွာသားနဲ့ ထီးညာလူရွာသား နှစ်ယောက်ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ခဲ့တာလို့ ဆိုပါတယ်။
ခမရ- ၄၀၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေယံဉီး ဦးဆောင်တဲ့ လှုပ်ရှားစစ်ကြာင်းက ဝီရောကျေးရွာ ကားလမ်းမပေါ်မှာ အပြစ်မဲ့ ရွာသားနှစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့ရာမှာ ညပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မျက်မြင်တွေရှိတဲ့ ဒေသခံတွေက ဆိုပါတယ်။
ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက"အခုလို အပြစ်မဲ့ပြည်သူတွေကို လမ်းပေါ်မှာ ကြိုးတုပ်ပြီး နှပ်စက်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ လက်နက်အားကိုးနဲ့ လက်နက်မရှိသူကို အနိုင်ကျင့်တာ"လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့တပ် ခမရ ၄၀၆ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာက ဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။