Home
မြန်မာသတင်း
ပခုက္ကူမြို့တွင် အိမ်အပြင်ထွက်သူများကို ပစ်မိန့်ပေးထားကြောင်း လိုက်လံသတိပေး
DVB
·
September 30, 2021

ပခုက္ကူမြို့မှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက် ၁၀ နာရီကနေ ၅ နာရီအထိ မြို့လူထုကို အိမ်အပြင်မထွက်ဖို့နဲ့ ထွက်သူတွေကို ပစ်မိန့်ပေးထားကြောင်း ရဲကား၊ စစ်ကားတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ လိုက်လံ သတိပေးနေတယ်လို့ မြို့ဒေသခံတွေဆီက သိရပါတယ်။

အခုလို လိုက်လံသတိပေးတာတွေကို စက်တင်ဘာ ၂၉ ရက်နေ့ ညနေ ၇ နာရီခွဲလောက် ရဲကား၊ စစ်ကားတွေနဲ့ လိုက်လံ သတိပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက်နေ့က မြို့အဝင်အထွက်လမ်းတွေကိုလည်း စစ်ကောင်စီက  ပိတ်ဆို့ထားပြီး မြို့ဝင်ခွင့်ကို ညနေ ၅ နာရီအထိ  တားဆီးပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ  ၂၈ ရက်နေ့က ကင်းလှည့်  ရဲကားဗုံးပေါက်ကွဲပြီး ရဲနှစ်ဦး သေဆုံးခဲ့မှုကြောင့် အခုလို တင်းကြပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မြို့ အထွက်ကရတယ် အဝင်မှာ ဝင်လို့မရအောင်ပိတ်ထားတာ၊ ညနေ ၅ နာရီမှ ပြန်ဝင်ခွင့်ပြုတာ။ ဘယ်သူဖြစ်နေနေ ဝင်ခွင့်မပေးဘူးလို့ ပြောတယ်။ ကျနော်တို့လည်း ညနေ ၅ နာရီအထိ ဝင်ခွင့်ပေးအောင်စောင့်ပြီးမှ မြို့ထဲဝင်ခွင့်ရခဲ့တယ်။ မြို့ရဲ့ အရှေ့ရော၊ အနောက်ရော၊ တောင်ရော၊ မြောက်ရောကို အဝင်ပေါက်တွေ ပိတ်ထားတာ။ မြိုင်လမ်းနဲ့ မြို့ရှောင်လမ်းဆုံးမှာ မနက်ကတော့ ထင်ရာရမ်းပြီးတော့ ပစ်ခတ်နေသံတွေကြားတယ်။  အခုည ၇ ခွဲ ၈ နာရီလောက်ကလည်း ကားတွေနဲ့ပတ်အော်နေတာ မနက်ဖြန် ပစ်မိန့်ပါ ပါတယ်။ အပြင်မထွက်ကြဖို့နဲ့၊ ထွက်ခဲ့ရင် ပစ်မိန့်ပါတဲ့အကြောင်း အော်သွားတယ်၊ မနေ့က ရဲကားဗုံးပေါက်လို့ သေကြတာတွေရှိတယ် အဲ့ဒါကြောင့် အခုလိုတွေ လုပ်နေတာဖြစ်နိုင်တယ်။”

စက်တင်ဘာ ၂၈ ရက်နေ့ ညနေက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့တဲ့ ရဲနှစ်ဦးကို စက်တင်ဘာ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲလောက်မှာ သုသာန်ကို အလောင်းတင်ယာဉ် အမြန်မောင်းနှင်ပြီး ပို့ဆောင်သွားတယ်လို့ မြို့ဒေသခံတွေကဆိုပါတယ်။

“၁၂ နာရီခွဲလောက်က မြိုင်လမ်းအတိုင်း တောင်ကနေ မြောက်ကို အလောတကြီး မောင်းသွားကြတာ။  မနေ့က သေတဲ့ ရဲတွေ တင်လာတဲ့ ကားတွေကို အမြန်မောင်းပြီးတော့ အသုဘ ချသွားတာ” လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ပခုက္ကူမြို့ပေါ် လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်လမ်းနဲ့ အာဇာနည်လမ်းဆုံရာအနီးမှာ  စက်တင်ဘာလ ၂၈ရက်နေ့ ညနေ ၅နာရီလောက်က ကင်းလှည့် ရဲကားအတွင်း ဗုံးပစ်ထည့်ခံရပြီး ပေါက်ကွဲမှုဖြစ်ကာ နှစ်ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024