ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ပူတာအိုမြို့နဲ့ ဇီယာဒမ်းရွာကို ဆက်သွယ်ဖောက်လုပ်ထားတဲ့ ရှိန်းလိန်းချက်လမ်းဟာ စက်တင်ဘာလဆန်းကစလို့ မိုးရွာသွန်းပြီး မြေပြိုကာ လမ်းများပိတ်ဆို့နေတဲ့အတွက် သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
"အရင်တုန်းကတည်းက သုံးခဲ့တဲ့ လမ်းဟောင်းဟာ လမ်းကြမ်းလွန်းလို့ ဆိုင်ကယ်နဲ့သွားတဲ့သူတွေနည်းပါတယ်။ အသစ်ဖောက်ထားတဲ့ ရှိန်းလိန်းချက်လမ်းကလည်း မြေပြိုပြီး လမ်းပိတ်ဆို့နေတဲ့အတွက် သွားလာရတာ အဆင်မပြေတော့ဘူး။လမ်းပြိုကျနေလို့ ကျန်းမာရေး မကောင်းတဲ့သူတွေ အရမ်းဒုက္ခရောက်နေပါတယ်။”
ဒေသခံနောက်တဦးကလည်း “အဝပ်ဒမ်းနဲ့ခါးလန်ရွာမှာပဲ ကျေးလက်ဆေးပေးခန်းရှိတာပါ။ ဆေးပေးခန်းကိုသွားဖို့လည်း တစ်နာရီလောက်သွားမှရောက်တယ်။ ဆေးရုံသွားချင်ရင် ၂၄ မိုင်ဝေးတဲ့ ပူတာအိုမြို့အထိ သွားရတာပါ။ လမ်းကောင်းရင်အဆင်ပြေပေမဲ့ လမ်းပြိုထားတော့ ဆေးရုံသွားဖို့တောင် ၅ နာရီလောက်ကြာပါတယ်" လို့ ပြောပါတယ်။
ရှိန်းလိန်းချက်လမ်းဟာ ဖုန်ကန်ရာဇီရေခဲတောင်ရဲ့ တောင်ခြေရွာဖြစ်တဲ့ ဇီယာဒမ်းရွာကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် စက်တင်ဘာအတွင်းမှာ မိုးရွာသွန်းမှုကြောင့် မြေပြိုတာတွေ မကြာခဏဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ရှိန်းလိန်းချက်လမ်းကို ၂၀၁၀ ခုနှစ်မှာ ထူးကုမ္ပကီအုပ်စုက ရေခဲတောင်တက်ခရီးသွားလုပ်ငန်း စီမံကိန်းအတွက် ဖောက်လုပ်ခဲ့တယ်လို့ သိရပါတယ်။