မန္တလေးတွင် စစ်တပ်က ဘုန်းကြီးကျောင်းများကို ဝင်ရောက်စီးနင်းပြီး သံဃာတော်အချို့ကို ဖမ်းဆီး

မန္တလေးမြို့မှာ စက်တင်ဘာ ၂၈ ရက်က  ကျောင်းတိုက် ၃ တိုက်ကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီး သံဃာတော်တချို့ ဖမ်းဆီးသွားသလို မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေကိုလည်း ယူဆောင်သွားပါတယ်။

မဟာအောင်မြေမြို့နယ် ၃၇ လမ်း နဲ့ ၃၈ လမ်းကြား၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားက ကင်းဝန်မင်းကြီးကျောင်းတိုက်ကို စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ နှစ်ကြိမ်  ဝင်ရောက်စီးနင်းခဲ့ပြီး ဦးပညာသီဟကို ဖမ်းဆီးခဲ့တဲ့အပြင် မော်တော်ကားပါ သိမ်းယူသွားခဲ့ပါတယ်။

ချမ်းအေးသာစံမြို့နယ်ထဲက မဟာဝိဇီတာရာမတိုက် တေဇာလင်္ကာရကျောင်းကိုလည်း စစ်တပ်က စီးနင်းဝင်ရောက်ပြီး ဆရာတော်နဲ့ တပည့် ရဟန်းတပါး၊ လူနှစ်ယောက်ကို ခေါ်ဆောင်သွားတဲ့အပြင် ကား၂ စီး၊ ဆိုင်ကယ် ၄ စီးပါ သိမ်းယူသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ကြီးတံခွန်မြို့နယ် စိတ္တသုခပတ္တမြားကျောင်းတိုက်ကိုလည်း ဝင်ရောက်စီးနင်း ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

“ဘာသာရေးဆိုင်ရာ ကျောင်းတိုက်တွေအတွင်းကို ကျောင်းတိုက် နာယကဆရာတော်တွေရဲ့ ခွင့်ပြုချက်မရဘဲ အကြမ်းဖက်ဝင်ရောက်တာ သံဃာပိုင် အများပြည်သူ လှူဒါန်းထားတဲ့ ပစ္စည်းတွေ ကို ခိုးယူလုယက်ဖျက်ဆီးတာဟာ  အဆိပ်သီးစားတာ ဖြစ်တယ်။ မိမိစားတဲ့ အဆိပ်သီးဟာ မိမိကိုသာလျှင် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စေပြီး အသေဆိုးသေကြရမယ်” လို့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။

အခုလို ကျောင်းတိုက်တွေ ဝင်ရောက်စီးနင်းတာနဲ့ သံဃာတော်တွေ ဖမ်းဆီးခေါ်ဆောင်တာဟာ စစ်ကောင်စီအနေနဲ့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းကို ဖြိုခွဲဖို့လုပ်နေတာဖြစ်ပြီး သံဃသမဂ္ဂသပိတ်စစ်ကြောင်းအနေနဲ့လည်း စစ်အာဏာရှင်တွေ ကျရှုံးရေးအတွက် နေ့စဉ် ချီတက်ဆန္ဒပြနေဆဲ ဖြစ်ပါတယ်။

More News
Up