စစ်ကိုင်းတိုင်း၊ ရေဦးမြို့မှာ စစ်တပ်ထောက်ခံသူဆိုပြီး သတ်မှတ်ခံထားသူ နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ၁ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
ရေဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိသုကာကိုယ်ပိုင်ကျောင်းရှေ့က ဆိုင်တစ်ခုမှာ စစ်တပ်ထောက်ခံသူ နှစ်ဦး ထိုင်နေစဉ် စက်တင်ဘာလ ၂၈ ရက် ညနေ ၃ နာရီလောက်က အမည်မသိအဖွဲ့က သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
“သူတို့နှစ်ယောက်ဆိုင်ထဲမှာ ထိုင်နေတုန်း သေနတ်နဲ့ ၄ ချက်ဝင်ပစ်သွားတယ်၊ ဆိုင်ရှင်ကိုတော့မထိဘူး။ သူ့တပည့်တော့ ရင်ဘတ်ထိသွားတယ်ပြောတယ်။ သူတို့က စစ်တပ်ထောက်ခံသူတွေဗျ၊ ဆိုင်ရှင်ရဲ့ Facebook အကောင့်မှာကို ပေါ်ပေါ်တင်တင်စစ်တပ်ထောက်ခံတဲ့ ပို့စ်တွေ ရေးတင်လေ့ရှိတယ်၊ ဒါကြောင့်ပစ်သွားတယ်ထင်တယ်။”
အဆိုပါ သေနတ်ပစ်ခတ်ခံရသူနှစ်ဦးမှာ ကိုဇာနည်နဲ့ ကိုဇော်ဝင်းလို့သိရပြီး သူတို့နှစ်ဦးက စစ်တပ်ထောက်ခံတဲ့ ဆရာတပည့်ဖြစ်ကြကာ ကြံ့ခိုင်ရေးပါတီဝင်များတဲ့ ရပ်ကွက်နဲ့ကျေးရွာ တွေကိုလည်း ဆန်ဆီဆား ဟင်းချက်စရာတွေ ပေးဝေလေ့ရှိတယ်လို့ သိရပါတယ်။
သေနတ်ပစ်ခံရသူ ကိုဇော်ဝင်းကိုတော့ အပြင်းအထန်ဒဏ်ရာနဲ့ ရေဦးဆေးရုံကို သယ်သွားတယ်လို့ မြို့ခံက ပြောပါတယ်။