စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ လက်ပံကျေးရွာအနီး၊ စိုင်ပြင်မြို့နယ်စပ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၁၃ စီးပါ စစ်ယာဉ်တန်း စက်တင်ဘာ ၂၈ ရက် ဒီမနက် ၁၁ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဘုတလင်ပြည်သူ့ကာကွယ်ရေးခေါင်းဆောင်တစ်ဦးက “မုံရွာဘက်ကနေ ရေဦး၊ တန့်ဆည်ဘက်တက်လာတဲ့ကား ၁၃ စီး တိုက်ခိုက်ခံလိုက်ရတာဗျ။ ဘယ်နှစီးထိတယ်လို့တော့ အတိကျမသိရဘူး။ တနေရာထဲမဟုတ်တော့ ဆွဲပြီးပြေးရတာဆိုတော့ လှည့်ကို မကြည့်နိုင်ကြဘူး။ မြေပြင်လုပ်နေတဲ့ သူတွေကတော့ သုံးစီး ထိတယ်လို့လည်း ပြောတယ်။ သေဆုံးတာကတော့ မသိဘူးဗျ”လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲရာနေရာမှာ စစ်ကောင်စီတပ်တွေက အနီးဝန်းကျင်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် စိုင်ပြင်မြို့စားသောက်ဆိုင်တစ်ဆိုင်အနီး မုံရွာ၊ ရေဦး၊ တန့်ဆည်သွားကားလမ်းမကို ပိတ်ပြီး စစ်ဆေးနေကာ လမ်းသွားလမ်းလာ ဒေသခံရွာသားတွေကို ဖမ်းဆီးနေတယ်လို့လည်း နယ်မြေခံတွေဆီကနေ သိရပါတယ်။