စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာနေ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး တယောက်ကို စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ရှင်းလင်းခဲ့တယ်လို့ ခင်ဦးစားချစ်ညိုအဖွဲ့က အတည်ပြုပြောပါတယ်။
သေဆုံးသူဟာ သရက်ပင်စုကျေးရွာက အသက် ၄၅ နှစ်အရွယ် ကိုဝင်းသူရ ဖြစ်ပြီး သရက်ပင်စုကျေးရွာနဲ့ အင်းပတ်ကျေးရွာကြား ခင်ဦး-ရေဦး ကားလမ်းပေါ်မှာ သေနတ်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးနေတာလို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူးလည်း ဖြစ်တယ်။ ပျူစောထီးအဖွဲ့လည်း ဝင်ထားတယ်။ ဒီပဲယင်းအရေးအခင်းမှာလည်း ပါဝင်ခဲ့တယ်လို့ ပါတီစည်းရုံးရေးမှာ သူကိုယ်တိုင် ဂုဏ်ယူပြီးပြောဆိုလေ့ရှိတယ်။ ပြီးခဲ့တဲ့မေလလောက်က သူနဲ့မတည့်တဲ့ (ရန်ငြိုးရှိတဲ့)ဘုန်းကြီး ကျောင်းကို လက်နက်လုပ်တယ်ဆိုပြီး သတင်းပေးခဲ့လို့ ဘုန်းကြီးကျောင်းကို လာရှာ မွှေနှောက်သေး တယ်။ ဘာမှမတွေ့တော့ ဘုန်းကြီးကျောင်းက ဆန်ပိုင်းတွေ။ ဆီပုံးတွေကို စစ်တပ်က သယ်သွားတာလည်း ခံရဘူးတယ်”လို့ ပြောပါတယ်။
ခင်ဦးစားချစ်ညိုအဖွဲ့ဟာ စစ်ကောင်စီရဲ့ထောက်တိုင်မှန်သမျှကို အမြစ်ပါမကျန်တော်လှန် တိုက်ခိုက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။