Home
မြန်မာသတင်း
လူတစ်ဦးချင်း အသိစိတ်ဓာတ်ရှိရှိဖြင့် စက်သုံးဆီသုံးစွဲမှု လျှော့ချရန် အကြမ်းဖက်စစ်ခေါင်းဆောင်တိုက်တွန်း
DVB
·
September 28, 2021

စက်သုံးဆီသုံးစွဲမှု လျှော့ချနိုင်ဖို့အတွက် လူတစ်ဦးချင်း အသိစိတ်ဓာတ်ရှိရှိနဲ့ ဆောင်ရွက်ဖို့နဲ့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ စက်သုံးဆီ သုံးစွဲမှုလျှော့ချနိုင်တဲ့ နည်းလမ်းတွေ ရှာဖွေဆောင်ရွက်ကြဖို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်က ပြောပါတယ်။ 

စက်တင်ဘာ ၂၇ ရက်က နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးမှာ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

“လောင်စာဆီသုံးစွဲမှုနှင့် ပတ်သက်၍ မိမိတို့နိုင်ငံအတွင်း ယခုနှစ် ဩဂုတ်လအထိ ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁၁၄၀၀၀၀ ကျော်၊ မော်တော်ဆိုင်ကယ် စုစုပေါင်း ၆၄၅၀၀၀၀ ကျော်ရှိကြောင်း၊ အဆိုပါယာဉ်များအတွက် စက်သုံးဆီများအား ပြည်ပ နိုင်ငံများမှ တန်ချိန်ပေါင်းများစွာ တင်သွင်းနေရကြောင်း၊ ထိုသို့သုံးစွဲလျက်ရှိသည့် စက်သုံးဆီ များ တင်သွင်းမှုလျှော့ချနိုင်ရေးအတွက် Public Transportation ဖြစ်သည့် ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ၊ ခရီးဝေးရထားများ ပြေးဆွဲနိုင်ရေးအတွက် ဆောင်ရွက်ရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် လူတစ်ဦးချင်းအနေဖြင့် အသိစိတ်ဓာတ်ရှိရှိဖြင့် ဆောင်ရွက်ရန်လိုသကဲ့သို့ စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရသည့် အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း စက်သုံးဆီများသုံးစွဲမှုလျှော့ချနိုင်သည့် နည်းလမ်းများကို ရှာဖွေဆောင်ရွက် ရန်လိုကြောင်း၊” ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ၈ လအကြာမှာ  စက်သုံးဆီဈေးနှုန်းတွေ နှစ်ဆ မြင့်တက်လာတာကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေလည်း ပိုမိုမြင့်တက် ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ထုတ်လုပ်ရေးနဲ့ လေအားသုံးလျှပ်စစ်ထုတ်လုပ်ရေး ဆောင်ရွက်နိုင်တဲ့ အရင်းအမြစ်များ များစွာရှိကြောင်း၊ အဆိုပါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကို အသုံးချပြီး စက်သုံးဆီသုံး စွဲမှု လျှော့ချနိုင်ရေး မဖြစ်မနေ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောပါတယ်။ 

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒီမိုကရေစီ နည်းလမ်းနဲ့ ဆောင်ရွက်ခြင်းကိုသာလိုလားကြောင်း၊ ပြည်သူလူထုရဲ့ ဆန္ဒကိုလေးစားကြောင်း၊ သို့သော် စည်းကမ်းနဲ့ ညီညွတ်ရန်လိုပြီး “လူညီလျှင် ဤကိုကျွဲဖြစ်သည်” ဆိုသော်လည်း ဥပဒေနဲ့ ညီညွတ်မှုမရှိပါက ဆောင်ရွက်လို့ မရကြောင်း၊ ဥပဒေအရသာ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊  EAO တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ  တိုက်ရိုက် နည်းလမ်း၊ သွယ်ဝိုက်နည်းလမ်းနဲ့ ပါဝင်ကူညီဆောင်ရွက်နေတာ တွေ့ရှိရကြောင်းလည်းပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာလအထိ မူးယစ်ဆေး ဝါးဖမ်းဆီးရမိမှုအနေနဲ့  စုစုပေါင်း ၅၂၈ ကြိမ်ရှိပြီး  WY ဆေးပြားပေါင်း ၁၂၈ သန်း၊ အိုက်စ် ၁၁၁၉၀ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၄၅၁ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁၂၂၇ ကီလိုဂရမ်၊ ကတ်တမင်း ၅၄၇ ကီလိုဂရမ်၊ ကိုကင်း ၇၄ ကီလိုဂရမ်နဲ့ တခြားပစ္စည်း ၁၉၇၈၆၉ ကီလိုဂရမ် စုစုပေါင်း တန်ဖိုးငွေကျပ် ၅၀၆ ဒသမ ၉၇ ဘီလီယံရှိကြောင်း၊ ဖမ်းဆီးရမိမှုတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့နေရာတွေမှာ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောသွားပါတယ်။

Photo-DSINFO

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024