မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၈ လနီးပါးအကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၃၆ ယောက်ထိ ရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၈၅၀၄ ယောက် ဖမ်းဆီးခံခဲ့ရကာ ၆၈၅၀ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၈၉ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့ NLD ပါတီဝင်၊ ပရဟိတ သမားတယောက်ဖြစ်တဲ့ ကိုသန်းထွန်းဦး(ခ)ကိုမင်းကိုသိန်း(ခ)ကိုဖက်တီးကို အကြမ်း ဖက်စစ်အုပ်စုက စက်တင်ဘာ ၂၅ ရက်နေ့က နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပါတယ်။
အဲဒီလို ဖမ်းဆီးရာမှာ ကိုသန်းထွန်းဦးကို ဒူးထောက်ခိုင်းခဲ့ပြီး ကိုသန်းထွန်းဦးက သူ့ရဲ့ ခန္ဓာ ကိုယ်ကြောင့် ဒူးထောက်လို့ မရကြောင်းပြောဆိုတာကြောင့် ဒူးခေါင်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ပါးနဲ့ ခေါင်းကို ရိုက်နှက်ကာ ဒဏ်ရာနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါတယ်။ စက်တင်ဘာ ၂၆ ရက်မှာတော့ ကိုသန်းထွန်းဦး ကျဆုံးကြောင်းကို မိသားစုကို အကြောင်းကြားလာခဲ့တယ်လို့ သိရှိရပါတယ်။
စက်တင်ဘာ ၂၆ ရက်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာမှာ အ သက် ၇၀ အရွယ် ဦးကြီးကျော်ဟာ နေအိမ်အတွင်းမှာ ရှိနေစဉ် အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်စံပြကျေးရွာအထက်တန်းကျောင်းကို စက်တင်ဘာ ၂၆ ရက်က အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျေးရွာအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ ရဲဝန်ထမ်း ကိုဇော်မျိုးထွဋ်နဲ့ ရွာသား ကိုသန်းထိုက်အောင်တို့ကို ဖမ်းဆီးခဲ့ကာ သင်္ချိုင်းကုန်းကို ခေါ်ဆောင်ကာ ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။
စက်တင်ဘာ ၂၆ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်အတွင်းရှိ မှန် တောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်တွေ ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၂ ယောက်ဖြစ်တဲ့ ကိုစိုးမိုးအောင်နဲ့ ကိုမျိုးမြင့်အောင်တို့ ကျဆုံးသွားခဲ့တဲ့အပြင် ရွှေဘိုမြို့နယ်က လာရောက်တိမ်းရှောင်နေတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသူ ဆေးမှူး တယောက်လည်း ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ်စောင့်ကြည့်မှတ်တမ်းတင်နေကာ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အကြောင်းကြားဖို့ အသိပေးထားပါတယ်။