နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် အင်အားကြီး ၄ နိုင်ငံ တောင်းဆို

မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အင်ဒို-ပစိဖိတ်ဒေသ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၄ နိုင်ငံရဲ့ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ 

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်  ၄ နိုင်ငံ ပူးပေါင်းထားတဲ့ Quad အဖွဲ့ရဲ့ ခေါင်းဆောင်တွေက စက်တင်ဘာ ၂၄ ရက်နေ့စွဲနဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လေးပွင့်ဆိုင် Quad အဖွဲ့ခေါင်းဆောင်တွေက “မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့၊ အပြုသဘောဆောင်တဲ့တွေ့ဆုံဆွေးနွေးမှုအတွက် ထိတွေ့ဆောင်ရွက်ကြဖို့နဲ့ ဒီမိုကရေစီကို ဆောလျဉ်စွာ ပြန်လည်ဖော်ဆောင်ကြဖို့  မိမိတို့ ဆက်လက်တောင်းဆိုပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်ဖို့ ထပ်မံတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်စသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ  စက်တင်ဘာာ ၂၅ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၈၀၃ ဦးရှိပြီး ဒီအထဲက ၂၉၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up