ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ စက်တင်ဘာ ၂၅ နဲ့ ၂၆ ရက်တွေက စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထွက်မပြေးနိုင်တဲ့ အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦး ကျည်ထိမှန် သေဆုံးသွားခဲ့ပါတယ်။
ရင်ဘတ်မှာ ကျည်ထိမှန် သေဆုံးသွားတဲ့ အဘိုးကို ကုန်းသာနာရေးကားနဲ့ သုသာန်ပို့ဆောင်ရာမှာ ဒီကနေ့မနက် ၈ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းပြီး ကားပျက်စီးသွားခဲ့ပါတယ်။ ကားပေါ်ပါလာသူ ၄ ဦးလုံး ထိခိုက်မှုမရှိခဲ့ကြောင်း အဘိုးအိုရဲ့ ရုပ်လောင်းကို ပို့ပေးဆောင်ပေးသူက သူ့ရဲ့လူမှုကွန်ရက်စာမျက်မှာ ဖော်ပြပါတယ်။
ကားမိုင်းနင်းမိပြီး ပျက်စီးသွားခဲ့တဲ့အတွက် အဘိုးအိုရဲ့ရုပ်လောင်းကို ခြေလျင်နဲ့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြရပါတယ်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်နေပါတယ်။
စစ်ကောင်စီဘက်က ရွာတွင်းဝင်ရောက်တပ်စွဲကာ စစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီး အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်းသာကျေးရွာမှာ လက်ရှိ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် အနည်းဆုံး ၅၀ လောက်ရှိပြီး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးတာတွေလည်း ရှိနေပါတယ်။