စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စက်တင်ဘာ ၂၆ ရက် မနက်က ကျေးရွာတွေကိုဝင်ရောက် စီးနင်းပြီး CDM ဆေးမှူးအပါအဝင် အရပ်သား ၃ ဦးကို ပစ်သတ်ထွက်ခွာသွားတဲ့ စစ်ယာဉ်တန်း ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၅ ယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်က ပြောပါတယ်။
ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ အောင်သာ၊ မှန်တော၊ ကျွန်းလည်စတဲ့ကျေးရွာတွေကို ဒီနေ့မနက်က စစ်ကားအလတ် ၅ စီး ၊ ဆိုင်ကယ် ၁၅ စီးနဲ့ စစ်အင်အား ၇၀ လောက်နဲ့ ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မှန်တောနဲ့ အောင်သာရွာကြားက ကွမ်းခြံကို PDF စခန်းအထင်နဲ့ဝင်စီးတာပါ။ ရွာတွေထဲလည်း ဝင်ပစ်တာဆိုတော့ အရပ်သား ၃ ဦး သေတယ်။ ကျနော်တို့က စစ်ကားတွေအပြန် နှစ်နေရာခွဲပြီး မိုင်းဆွဲခဲ့တာပါ။ တနေရာကတော့ အောင်ပါတယ်။ စစ်ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ထိတယ်။ အနည်းဆုံး ၅ ကောင်လောက်ကတော့ အပြင်းအထန်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရသူတွေ တင်သွားတဲ့ ကားနှစ်စီးကတော့ ရွှေဘိုကို တခါတည်း မောင်းသွားတယ်” လို့ ပြောပါတယ်။
စစ်တပ်က စီးနင်းပစ်ခတ်လို့ မှန်တောကျေးရွာက ကိုစိုးမိုးအောင်၊ ကိုမျိုးမြင့်အောင်နဲ့ ရွှေဘိုနယ်ကနေလာတိမ်းရှောင်နေတဲ့ CDM ဆေးမှူး ၁ ဦးလည်း သေဆုံးခဲ့ရပြီး တခြားတစ်ဦးက ပေါင်ကို ကျည်ထိမှန်ခံရကာ ဖမ်းဆီးခံရသူတစ်ဦးကိုတော့ စစ်ဗိုလ်တစ်ဦးနဲ့ အမျိုးတော်လို့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခင်ဦးမြို့ပေါ်ကနေ ကျေးရွာတွေဘက်ကို ဆင်းလာတဲ့ စစ်ကောင်စီရဲ့စစ်ကြောင်းဟာ ရွာအဝင်မှာ ဆိုင်ကယ်တွေ၊ ကားတွေကို အောင်သာကျေးရွာအဝင်နားမှာ ရပ်နားထားခဲ့ကြပြီး လမ်းပြအကူအညီနဲ့ မှန်တောကျေးရွာဘက်ကို ခြေလျင် ၀င်ရောက်လာကြတယ်လို့ဆိုပါတယ်။
လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို မြကံကျေးရွာအရှေ့ဘက်ရှိ သံလမ်းကူးမှာ PDF တပ်ဖွဲ့မှ လမ်းကနေ စောင့်ကြိုပြီး မိုင်းဆွဲပြီးတိုက်ခဲ့တာကြောင့် ကားတစ်စီးမိုင်းထိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ ဆက်လက်ဆုတ်ခွာလာကြရာ ကံသစ်ကျေးရွာအလွန်မှာလည်း PDF ပြောက်ကျားတပ်က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်ကယ်နဲ့ ကားပေါ်ပါလာသူ စစ်ကောင်စီတပ်သား ၅ ယောက် ထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ စီးနင်းပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၅ ရွာလောက်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လတ်တလော သေဆုံးသူတွေရဲ့ အလောင်းတွေကို သွားရောက်ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Photo- ကွမ်းခြံကိုစစ်တပ်က ဖျက်ဆီးသွားစဉ်။