ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၀ ဦး သေဆုံးခဲ့ပြီး ဒေသခံ PDF ဘက်က ၁ ဦး ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၅ ရက်နေ့က ဒီးမော့ဆိုမြိုနယ် ကုန်းသာကျေးရွာဘက်မှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ခုခံတိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာနဲ့ ကျောက်ဆည်ကန်တို့မှာ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ စက်တင်ဘာ ၂၅ ရက် ညပိုင်းအချိန်အထိ အဆက်မပြတ် ရမ်းသမ်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
မနက် ၈ နာရီ ၄၅ မိနစ်ကနေ ည ၇ နာရီထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ၁၀ ဦးနဲ့ KNDF က ၁ ဦး ကျဆုံး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ကုန်းသာ ကျေးရွာနဲ့ သေးဆူလဲကျေးရွာတို့မှာ ဝင်ရောက်တပ်စွဲပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ်အတွင်း ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူပေါင်းတိုက်ခိုက်နေကြတာပါ။