ကရင်ပြည်နယ်၊ မြဝတီမြို့တစ်ဘက်ကမ်း မဲဆောက်မြို့ မယ်တော်ဆေးခန်းအနီးမှာ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁၂ ဦးကို စက်တင်ဘာ ၂၄ ရက်ညက ဖမ်းဆီးရမိတယ်လို့ ထိုင်းအာဏာပိုင်တွေထံက သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် သောင်ရင်းမြစ်ကို စက်လှေနဲ့ကူးကာ မယ်တော်ဆေးခန်းအနီး ကြံခင်းမှာ ခိုလှုံနေချိန် ထိုင်းပြည်သူတချို့က သတင်းပေးတိုင်ကြားရတဲ့အတွက် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၃ ဦးကို ဖုန်း ၇ လုံး၊ ထိုင်းဘတ် ၅၀၀ တန် ၂၀ ရွက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း မိသားစုစားဝတ်နေရေးအခက်ခဲကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ကို ရရာနည်းလမ်းတွေနဲ့ သွားကြရာမှာ မကြာခဏ ဖမ်းဆီးခံနေရတာဖြစ်ပါတယ်။