စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျောက်ဆစ်ကန်ကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တယောက် စက်တင်ဘာ ၂၄ ရက်မနက် ၁၁ နာရီဝန်းကျင် ရွာအနီးနားက ယာခင်းတောစပ်မှာ ဓားနဲ့ ခုတ်သတ်ခံထားရတယ်လို့ ချောင်းဦးနယ်ခံတွေဆီက သိရပါတယ်။
သေဆုံးသွားသူဟာ အသက် ၄၀ ကျော် ၅၀ နီးပါးအရွယ်ရှိ ဦးဇော်မြင့်ဆိုသူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူးဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“ရွာနားက ယာခင်းတောစပ်မှာ ဓားနဲ့ခုတ်သတ်ထားခဲ့တဲ့အလောင်းကိုတွေ့ခဲ့ရတာ။ အဲလူက ပြည်ခိုင်ဖြိုးပါတီရဲ့ကျေးရွာစည်းရုံးရေးမှူးတစ်ယောက်လည်းဖြစ်တယ်။ ဘယ်အဖွဲ့အစည်းက သတ်တယ်လို့တော့ မသိရဘူး။ ဒဏ်ရာတွေကတော့ ခန္ဓာကိုယ်တစ်ခုလုံး ခုတ်ထားတာတွေရော၊ ထိုးသွင်းဒဏ်ရာတွေရော အများကြီးပဲ”လို့ ဒေသခံ လူငယ်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချောင်းဦးမြို့နယ် ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး အသက် ၂၆ နှစ်အရွယ် မနှင်းထက်ဝေဆိုတဲ့ အမျိုးသမီးငယ် တစ်ဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ ချောင်းဦးမြို့ပေါ်မှာ အမည်မသိ သေနတ်သမားတွေရဲ့ လုပ်ကြံပစ်ခတ်မှုဟာ စက်တက်ဘာ ၁၀ ရက်ကစလို့ ၂၀ ရက်အထိ ပစ်ခတ်မှု ၃ ကြိမ်နဲ့ သေဆုံးသူ ၁ ဦး၊ ဒဏ်ရာရသူ ၃ ဦး ရှိခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အားပေးထောက်ခံကာ သတင်းပေးလုပ်နေတဲ့သူတွေကို ဆက်ပြီး ရှင်းလင်းသွားမယ်လို့ နယ်မြေခံ ဒလန်ရှင်းလင်းရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။