
ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက စစ်တပ်အမာခဲသတင်းပေး ၁ ဦး သေနတ်နဲ့အပစ်ခံရပြီးနောက်ပိုင်း အလုပ်သမား ၃ ဦး ဖမ်းဆီး ခံလိုက်ရတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ PDF တပ်ဖွဲ့ဝင်တွေလို့ပြောဆိုပြီး စွပ်စွဲဖမ်းဆီးခံရသူ ၃ ဦးဟာ ကြက်ခြံမှာ အလုပ်လုပ်ကိုင်သူတွေသာဖြစ်တာကြောင့် မှားယွင်းဖမ်းဆီးခံရတာလို့ ပုသိမ်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
"လုပ်တဲ့ လူ မမိဘူး ထင်ကြေးနဲ့ လုပ်တဲ့ လူရဲ့ အလုပ်သမားတွေဖမ်းသွားတယ်၊ ခု အဖမ်းခံရတဲ့ လူတွေက ကြက်ခြံမှာအလုပ်လုပ်တဲ့ သူတွေပါ''လို့ ပြောပါတယ်။
စစ်တပ်သတင်းပေးသေနတ်နဲ့အပစ်ခံရတဲ့ ရွာကို စစ်ကား ၈ စီးနဲ့ အင်အား ၂၀၀ လောက်ရောက်လာပြီး တစ်ညလုံးပိတ်ဆို့စစ်ဆေးတာတွေနဲ့ ဧည့်စာရင်းစစ်တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ကြောင့် ဖမ်းဆီးခံရသူ ၁၀၀ နီးပါးရှိလာပြီလို့ သိရပါတယ်။