Home
မြန်မာသတင်း
မန္တလေးတွင် ပျူစောထီးအဖွဲ့ဝင် ၁ ဦး ပစ်သတ်ခံရ၊ အုပ်ချုပ်ရေးမှူး နေအိမ် ဗုံးပစ်ခံရ
DVB
·
September 24, 2021

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက်၊ ၅၆ လမ်း၊ ၁၂၅ လမ်း နဲ့ ၁၂၆ လမ်းကြားမှာ နေထိုင်တဲ့ အမျိုးသား ၁ ဦး စက်တင်ဘာ ၂၄ ရက် ဒီနေ့မနက်ပိုင်းက နားထင်ကို သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဦးသိန်းထွန်းဟာ ပျူစောထီးအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အပြင် စစ်ကောင်စီကို သတင်းပေးနေသူလည်းဖြစ်တယ်လို့ ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။

"မနက် ၈ နာရီ ကျော်လောက်က အိမ်ထဲဝင်ပစ်သွားတာလို့ ကြားတယ်။ နားထင်အပစ်ခံရတော့ သေတာပေါ့။ ပစ်ခံရပြီး မကြာဘူး အရပ်ဝတ်တွေနဲ့ သေနတ်တွေနဲ့ စစ်သားလား ရဲလားမသိတဲ့သူတွေ ရောက်လာတယ်။" လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူ တစ်ဦး က ပြောပါတယ်။ 

အသတ်ခံရတဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးသိန်းထွန်းဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာကို မသိရသေးပါဘူး။

အာလားတူ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ် (၄) ရပ်ကွက် ၆၄ A လမ်း၊ ၁၁၁ လမ်းနဲ့ ၁၁၂ ကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို စက်တင်ဘာလ ၂၄ ရက် ဒီမနက် ၆ နာရီလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်နိုင်ရဲ့ နေအိမ်ကို ဆိုင်ကယ်နဲ့ အမည်မသိလူ နှစ်ယောက်က လာပစ်သွားတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

ဗုံးကွဲပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ခဲ့ကြပါတယ်။

စက်တင်ဘာလ ၂၃ ရက် ကလည်း မန္တလေးမြို့မှာ စစ်ကောင်စီ သတင်းပေးဆိုသူ သုံးဘီးယာဥ်မောင်းတစ်ဦး ခေါင်းကို သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024