မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းမှာရှိတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုစီးပွားရေး ဆက်နွှယ်နေတဲ့ Mytel ကုမ္ပဏီပိုင် တာဝါတိုင်ကို စက်တင်ဘာ ၂၃ ရက် သန်းခေါင်းကျော် ဒီမနက် ၁ နာရီ ဝန်းကျင်က ထပ်မံဖောက်ခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ည ၁ နာရီ ပေါက်ကွဲသံ ကြားတယ်။ ဗုံးပေါက်တယ် ထင်နေတာ၊ Mytel တာဝါတိုင် ဖောက်ခွဲခံရတာ၊ ပြီးတော့ စခန်းကကနေ သေနတ်နဲ့ သုံးချက်လောက်ပစ်တယ်"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ စက်တင်ဘာ ၂၃ ရက်နေ့က စစ်ကောင်စီတပ်တွေက နေရာတချို့မှာ သေနတ်တွေ ဖောက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မှာ စက်တင်ဘာ ၂၃ ရက်နေ့က မြို့နယ် လျှပ်စစ်မီတာရုံးထဲ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ မိုးကုတ်မြို့မှ စစ်ကောင်စီတပ်ပိုင်တဲ့ Mytel တာဝါတိုင် ၅ တိုင် ဖောက်ခွဲမီးရှို့ဖျက်ဆီး ခံထားရတယ်လို့ သိရပါတယ်။