စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကျီကုန်းရွာကို မီးရှို့သေနတ်ပစ်ဖောက်ပြီး ပြန်ထွက်လာတဲ့ ကံထူးမစခန်းကရဲကားတစ်စီး ရေဦး-ကလေးဝကားလမ်း ပဲခင်းကြီးသုဿန် အနောက်ဘက် တောင်ဘို့ရင်းတံတားနားမှာမိုင်းဆွဲတိုက်ခိုက်ခံရလို့ ရဲ ၆ ဦး အပြင်းအထန် ဒဏ်ရာရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနက်အစောကြီး ကျီကုန်းဘက်ထွက်သွားတဲ့ ကံထူးမစခန်းကရဲကားအပြန်မိုင်းထိတာတဲ့၊ ကံထူးမစခန်းထဲ ငိုသံရော ဆဲသံရော သေနတ်သံရောဆူညံနေတာပဲ၊ ရဲတစ်ယောက်က သေနတ်နဲ့ စခန်းအပြင်ထွက်ပြေးလာပြီး ပစ်မယ်ခတ်မယ်လုပ်လို့ လိုက်ဆွဲနေတာလည်း မြင်တယ်”လို့ ကံထူးမဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့ရဲကားပေါ်မှာ ရဲအင်အား ၁၅ ယောက်လောက် ပါသွားကာ ရဲ ၆ ယောက် ဒဏ်ရာပြင်းထန်ပြီး လူမှုကူညီကယ်ဆယ်ရေးကားတွေ ထွက်သွားကြတယ်လို့ တန့်ဆည်မြို့ခံတစ်ဦးက ဆိုပါတယ်။
တန့်ဆည်မြို့နယ်၊ ညောင်ဇီးကုန်းအုပ်စုရှိ ကျီကုန်း (တောင်)ရွာကို စက်တင်ဘာ ၂၃ ရက် မနေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့သလို ဒီနေ့မနက်လည်း ကျီကုန်း(မြောက်)ရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့မှာ စက်တင်ဘာ ၄ ရက် ညနေ ၅ နာရီလောက်ကလည်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး လမ်းဆုံဈေးသစ်အနောက်နားမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။