Home
မြန်မာသတင်း
အကြမ်းဖက်စစ်​ကောင်စီက မြို့ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်​တောက်
DVB
·
September 24, 2021

အကြမ်းဖက်စစ်​ကောင်စီက သတင်းအ​မှောင်ချဖို့နဲ့ လူမဆန်စွာ ရက်စက်သတ်ဖြတ်မှု​တွေ ကျူးလွန် ဖို့အတွက် မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တချို့က မြို့ပေါင်း ၂၀ ကျော်ကို အင်တာနက်ဖြတ်​ တောက်မှု​တွေ လုပ်​ဆောင်​နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်း၊ မြင်းခြံ၊ မိုးကုတ်မြို့တွေ၊ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ စစ်ကိုင်းတိုင်း၊ အရာတော်၊ ယင်းမာပင်၊ ကနီ၊ ပုလဲ၊ ရေဦး၊ တန့်ဆည်၊ ဘုတလင်မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်ဖြတ်တောက်ထားခဲ့တာလို့ သိ ရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်ကစတင်ကာ အင်တာနက်ဖြတ်တောက်ခံထားရတာဖြစ်ပြီး မကွေးတိုင်း၊ ဂန့်ဂေါ၊ မြိုင်၊ ထီးလင်းမြို့တွေနဲ့ ချင်းပြည်နယ်၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ ကန်ပက်လက်၊ မင်းတပ်နဲ့ ပလက်ဝမြို့တွေမှာတော့ စက်တင်ဘာ ၂၃ ရက်ကစတင်ဖြတ်တောက်ထားခဲ့တာမို့ မြို့ပေါင်း ၂၂ မြို့ထိ ရှိလာနေတာပါ။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့အင်တာနက် လွတ်လပ်ခွင့်အခြေအနေဟာ အရင်နှစ်ကထက် အဆင့် ၁၄ ဆင့်လောက် ကျဆင်းသွားတယ်လို့ Freedom House အဖွဲ့နဲ့ Freedom of Expression Myanmar အဖွဲ့တို့ လတ်တလော ပူးပေါင်းထုတ်ဝေလိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံ မြို့ရွာအနှံ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက် အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၁၂၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၃၀၀ ကျော် ရှိခဲ့ တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024