Home
မြန်မာသတင်း
NUG အစိုးရ၏ဦးဆောင်မှုကို အသိအမှတ်ပြုကြောင်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
DVB
·
September 24, 2021

မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုကျူးလွန်မှုတွေကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောကြားလိုက်ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနဲ့ စက်တင်ဘာ ၂၃ ရက်က  နယူးယောက်မှာတွေ့ဆုံခဲ့သလို မြန်မာနိုင်ငံရဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့လည်း  အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ် 

အဲဒီလိုတွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးက အရေးကြီးတဲ့အကြောင်း အလေးထားဆွေးနွေးခဲ့ကြသလို တိုင်းရင်းသားနဲ့ ဘာသာရေးအုပ်စုတွေအပါအဝင် လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးကို လေးစားတန်ဖိုးထားရေးတွေလ‌ည်း ဆွေးနွေးခဲ့ကြတယ်လို့လည်းဆို ပါတယ်။

မြန်မာပြည်သူတွေ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရာမှာ အကူအညီပေးဖို့အတွက် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ဖို့၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အကူအညီပေးရေးနဲ့ လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာနဲ့ ပြန်လည်ရောက်ရှိရေး လုပ်ဆောင်နေကြသူအားလုံးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ မလျှော့သောအားပေးထောက်ခံမှုကို အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံက  ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ လူအခွင့်အရေးဝန်ကြီးဌာန အကြံပေးအဖွဲ့ဝင် ဦးအောင်ကျော်မိုးနဲ့ အရှေ့အာရှဗျူရို အကြီးတန်းအရာရှိ မစ္စတာ  Mr. Kin W. Moy   တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ 

ဓာတ်ပုံ- US EMBASSY

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024