ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ ဇေယျအောင်မြေလမ်းက နေအိမ်မှာ ကိုစည်သူကောင်းမြတ် နဲ့ ဖခင်ဖြစ်သူကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ ၂၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတစ်ဦးက ''တဝုန်းဝုန်းနဲ့စစ်ကားတွေရောက်လာပြီး သူတို့အိမ်ထဲဝိုင်းကြတာ။ စည်သူကောင်းမြတ်ကို ဖမ်းဖို့လာတာတဲ့လေ။ ကလေးထွက်ပြေးလို့ဆိုပြီး သေနတ်နဲ့ပစ်ဖမ်းတာ မသေဘူးပြောတယ်၊ ဆေးရုံရောက်သွားတယ်တဲ့။ သူ့အဖေကိုပါ ဖမ်းသွားတယ်။ အဲ့ကလေးက ဒီကိုပြန်လာတာ မကြာသေးဘူး။ သူ့သူငယ်ချင်းကလေးတစ်ယောက်ကတော့ လွတ်သွားတယ်။ ဘာကြောင့် ဖမ်းတာလည်းတော့ မသိဘူး'' လို့ ပြောပါတယ်။
ကိုစည်သူကောင်းမြတ်ရဲ့နေအိမ်ရှိ ဖုန်းတွေအပါအဝင်၊ ဆိုင်ကယ်နဲ့ အိမ်အသုံးအဆောင် ပစ္စည်းတွေကိုလည်း စစ်ကားနဲ့တင်ယူသွားတယ်လို့ ဆိုပါတယ်။
ဟင်္သာကုန်းရပ်ကွက်နေပြည်သူတဦးက ''ပစ်ခတ်သံတွေကြားရတယ်။ အပြန်အလှန်ပစ်တာလို့တော့ ပြောတာပဲ။ အပြန်အလှန်ပစ်ရအောင်ကလည်း ရပ်ကွက်ထဲမှာ PDF တွေမရှိဘူး'' လို့ ပြောပါတယ်။
ဒီဗွီဘီက ကိုစည်သူကောင်းမြတ် နဲ့ သူ့ဖခင်တို့ အကြမ်းဖက်ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ပဲခူးမြို့မရဲစခန်းကိုဆက်သွယ်ခဲ့ပေမယ့် ''မသိဘူး'' လို့သာ ပြန်လည်ဖြေကြား ခဲ့ပါတယ်။
ပဲခူးမြို့မှာ စစ်ကောင်စီတပ်တွေကို ဒလန်တွေရဲ့ သတင်းပေးမှုတွေကြောင့် နေ့စဉ်နဲ့အမျှ ပြည်သူတွေ အကြမ်းဖက်ဖမ်းဆီးခံနေရပြီး ကိုစည်သူကောင်းမြတ် ဖမ်းဆီးခံရတာဟာလည်း ဟင်္သာကုန်းရပ်ကွက်ရဲ့ ရာအိမ်မှူးဟောင်း ဒလန်တွေက မဟုတ်မမှန်သတင်းပေးတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။