စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာကျေးရွာမှာ အမှုပွဲစား စစ်ကောင်စီသတင်းပေးဒလန်လို့ လူသိများတဲ့ အမျိုးသား တယောက် စက်တင်ဘာ ၂၃ ရက် ဒီနေ့မနက်က ဓားနဲ့အခုတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှုပွဲစား ဦးသိန်းဌေးဟာ ဒီမနက် ၁၁ နာရီကျော်လောက်က ရွာတောင်ဘက်ရှိ ခရမ်းချဉ်သီးခြံကို သွားဝယ်ပြီး ပြန်အလာ ရွာအပြင်ဘက်မြေနီကန်အနားမှာ အမည်မသိအဖွဲ့က ဓားနဲ့ ခုတ်ခဲ့တာလို့ ရွာသားတစ်ဦးက ပြောပါတယ်။
“ဘယ်ဘက်မျက်ခုံး ပေါက်ပြဲတယ်။ နောက်ပြီး ကျောကုန်းက ဒဏ်ရာကတော့ အတော်များတယ်ဗျ။ ဒီလူက အာချောင်တယ်၊ ရဲနဲ့ပေါင်းပြီး အမှုပွဲစားလိုလို လုပ်တာတွေတော့ ရှိတယ်။ စစ်ကောင်စီ သတင်းပေးဆိုပြီး အမည်ထွက်နေတာတော့ကြာပြီဗျ။ အသက်ကတော့ မသေလောက်ဘူး ထင်တယ်ဗျ။”
ဒဏ်ရာရသွားတဲ့ ဦးသိန်းဌေးကို လက်ရှိအချိန်မှာ အရာတော်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲမှာ မလဲသာရွာအပါအဝင် သူတို့ကို ဆန့်ကျင်တဲ့ရွာ ၁၅ ရွာကို ရွှေ့ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ ကျေးရွာသားတွေဆီက သိရပါတယ်။