ကျိုက်ထိုမြို့နယ်တွင် တပတ်အတွင်း အရပ်သား ၄ ဦး မြေမြှုပ်မိုင်းထိမှန် ဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးရွာမှာ စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီခွဲလောက်က တောထဲမျှစ်ချိုးသွားတဲ့ အရပ်သား ပြည်သူ အမျိုးသား ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသား ၂ ဦးကို ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ချောင်းကွေ့ကျေးရွာအနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ကင်မွန်းချောင်းကျေးရွာ ဘက်သို့သွားနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဒါ့အပြင် အဲဒီ စက်တင်ဘာ ၂၁ ရက်မှာပဲ ကျိုက်ထိုမြို့နယ်၊ ဆောင်နိုင်ကြီးကျေးရွာနဲ့ မဲရုံးကြီးကျေးရွာကြားမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်ကလည်း ကျိုက်ထီးရိုးတောင် ရေတံခွန်လမ်းသွားလမ်းမှာရှိတဲ့ ဝိဇ္ဇာတောင်အနီးမှာ တောထဲမျှစ်ချိုးသွားတဲ့ လူငယ်အမျိုးသားတစ်ဦး မိုင်းနင်းမိပြီးတော့ ထိခိုက်ဒဏ်ရာရရှိထားပါတယ်။
ကျိုက်ထိုမြို့နယ်မှာ အခုနောက်ပိုင်း မကြာခဏဆိုသလို မြေမြှုပ်မိုင်းတွေ ပေါက်ကွဲလာတာ ဖြစ်ပြီး ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းတွေလဲဆိုတာကိုတော့ မသိရသေးပါဘူး။