ပါမောက္ခရှောင်တာနယ်လ်အပေါ်စွဲထားသည့်အမှု နေပြည်တော်တရားရုံးတွင် စတင်စစ်ဆေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်လ်ကို စွဲဆိုထားတဲ့ အမှုနှစ်ခုအတွက်  နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးမှာ စက်တင်ဘာ ၂၃ရက် ဒီမနက် ၁၀ နာရီမှာ   စတင်ရုံးထုတ်ခဲ့ပါတယ်။ 

ဩစတြေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်လ်ကို စစ်အာဏာသိမ်းပြီးကတည်းက  ဖမ်းဆီးခဲ့တာဖြစ်ပြီး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲခဲ့တာပါ။

ပါမောက္ခရှောင်တာနယ်လ်ကိုစွဲဆိုထားတဲ့ လျှို့ဝှက်ချက်ဉပဒေပုဒ်မအမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအစိုးရ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ကိုလည်း စစ်ကောင်စီက အမှုတွဲအဖြစ် တရားစွဲထားပါတယ်။ 

ဒီနေ့ရုံးချိန်းမှာ  တရားစွဲခံရသူတွေရဲ့ရှေ့နေတွေကို တရားရုံးက ကိုယ်စားလှယ်လွှဲခွင့် ပေးခဲ့ပါတယ်။

ရှေ့နေ ဦးခင်မောင်ဇော်က  "စက်တင်ဘာ ၂၃ ရက် ဒီနေ့ရုံးချိန်းမှာ ပါမောက္ခရှောင်တာနယ်လ်၊ ၊ ဦးကျော်ဝင်း၊ ဦးစိုးဝင်းနဲ့ ဦးဆက်ပိုင်တို့ လေးဦးကို ကိုဗစ်အကာအကွယ်တွေနဲ့ရုံး ထုတ်ခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ အွန်လိုင်းကနေ ဗီဒီယိုနဲ့ရုံးချိန်းမှာ ပါဝင်ခဲ့ပါတယ်။ သူတို့လေးယောက်စလုံးကိုကြည့်ရတာ အရမ်းပင်ပန်းနေတဲ့ပုံပေါက်ပြီး ယဲ့ယဲ့လေးဖြစ်နေတယ်" လို့ ပြောပါတယ်။

ပါမောက္ခရှောင်တာနယ်လ်ရဲ့ အမှုတွေကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်ကိုလွှဲပြောင်းခဲ့တာဖြစ်ပါတယ်။ နောက်ရုံးချိန်းကို စက်တင်ဘာ ၃၀ ကြာသပတေးနေ့မှာပြန်ခေါ်ထားပြီး နှစ်ဖက်ကြားနာမှုတွေစတင်မှာဖြစ်ပါတယ်။

ပါမောက္ခရှောင်တာနယ်လ်ကို စစ်ကောင်စီက အင်းစိန်ထောင်မှာ ထိန်းသိမ်းခဲ့တာဖြစ်ပြီး ကိုဗစ်-၁၉ကူးစက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စစ်ကောင်စီက အတည်ပြုချက်မထုတ်ပြန်ခဲ့ပါဘူး။

ပါမောက္ခရှောင်တာနယ်လ်ကို နောက်ထပ်စွဲဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေအမှုကတော့ အာဏာသိမ်းပြီးချိန်မှာ ဥပဒေမဲ့ ထွက်ပြေးဖို့ကြိုးစားတာကြောင့် စွဲဆိုတာလို့ စစ်ကောင်စီက အကြောင်းပြထားပါတယ်။ 

ဒီအမှုတွေနဲ့ပတ်သက်ပြီး ပြစ်မှုမြောက်တယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ရှောင်တာနယ်လ်ဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။ သူ့ကို ပြန်လွှတ်ပေးဖို့ သြစတြေးလျအစိုးရက တောင်းဆိုထားပေမဲ့ စစ်ကောင်စီက လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီး တရားစွဲဆိုနေတာဖြစ်ပါတယ်။

Photo-Sean Turnell

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up