စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနဲ့ ကန့်ထောင့်ကျေးရွာကြားမှာရှိတဲ့ ဦးနှောက်လမ်းခွဲမှာ စစ်ကောင်စီတပ်သား အပြည့်ပါလာတဲ့ကား ၁ စီး စက်တင်ဘာ ၂၃ ရက် ဒီနေ့ မနက်ပိုင်းက မိုင်းထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၉ နာရီဝန်းကျင်လောက်က မိုင်းထိမှန်ခဲ့တာဖြစ်ပြီး အဲဒီကားပေါ်မှာ စစ်ကောင်စီ တပ်သား အပြည့်ပါလာသလို ကား ၁ စီးလုံး ထိမှန်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရ အသေအပျောက်များနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ညက မရိုးတုန်းရွာမှာအိပ်တဲ့စစ်တပ်က အခုမနက်ပိုင်းမှာ ချင်ပြစ်ကျေးရွာအတွင်းကို ဝင်ရောက်မွှေနေသလို သေနတ်ပစ်သံတွေလည်း ကြားနေရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
အခုမိုင်းထိမှန်တဲ့ စစ်ကားဟာ အင်အားဖြည့်တပ်ကူလာတဲ့အဖွဲ့ဖြစ်ပြီး ဂန့်ဂေါနယ်ဘက်ကလည်း စစ်ကောင်စီတပ်က ကား ၆ စီးလောက် ပုလဲနယ်ဘက်ကို ဆင်းလာနေတယ်ဆိုပါတယ်။