
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅ လမ်းနဲ့ ၅၆ လမ်းကြား၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားရှိ ရာအိမ်မှူး တစ်ဦးရဲ့နေအိမ်ကို စက်တင်ဘာ ၂၂ ရက် နေ့လယ် ၁၂ နာရီလောက်က လက်လုပ်ဗုံးနဲ့ ပစ်ခံရပါတယ်။
ရာအိမ်မှူး ဦးဝင်းနိုင်ရဲ့ နေအိမ်ကို လက်လုပ်ဗုံးနဲ့ ပစ်ခံရတာကြောင့် အိမ်တွင်းပစ္စည်းအနည်းငယ် ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက် ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
“ရပ်ကွက်က ရာအိမ်မှူးအိမ်ထဲမှာ ဗုံးကွဲတာ။ အိမ်မှာ ရာအိမ်မှူးက မရှိဘူး။ သူ့မိန်းမပဲရှိနေတဲ့ အချိန်ကွဲတာ။ ထိခိုက်ဒဏ်ရာရတာမကြားမိဘူး။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။
လက်လုပ်ဗုံးကို ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်က လာပစ်သွားတာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပြီးမကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေရ ရောက်လာပြီး စစ်ဆေးခဲ့တဲ့အပြင် မွန်းလွဲ ၃ နာရီလောက်ကလည်း ၂၆ လမ်း နဲ့ ၆၆ လမ်းမှာ လမ်းသွားပြည်သူတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။