အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကချင်ပြည်နယ်ခရီးစဉ် လာရောက်စဉ် ပိတ်ထားခဲ့တဲ့ မြစ်ကြီးနား- ပူတာအိုလမ်းကို စက်တင်ဘာ ၂၂ ရက် မနက်ဖြန် ပြန်ဖွင့်ပေးတော့မယ်လို့ သိရပါတယ်။
ဒေသခံ ကားသမားတယောက်က “မနက်ဖြန်ကနေ စဖွင့်မယ်။ ပိတ်ထားတဲ့ရက်တွေမှာတော့ ကားတွေစစ်တယ်။ ပြင်တယ်ပေါ့။ ပိတ်ထားတဲ့ရက်တွေမှာ ထွက်တဲ့ကားတွေတော့ ရှိတယ်။ ဒါပေမဲ့ အားလုံး ပြန်ခေါက်ခိုင်းတယ်။ ပိတ်တာက ၁၉ ရက်ကနေ ပိတ်တယ်” လို့ ပြောပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းတွေတက်လာရင် ပြည်သူတွေ ထိခိုက်မှုမရှိအောင် ပိတ်တာလို့ သိရပါတယ်။
စစ်ခေါင်းဆောင်ဟာ စက်တင်ဘာ ၁၉ ရက်က မြစ်ကြီးနားကနေ ပူတာအိုကိုလည်း ဆက်သွားဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးစဉ်ဖျက်သိမ်းခဲ့ရပြီး ရှမ်းပြည်ဘက်ကို ခရီးဆက်ခဲ့ရတာပါ။
ကချင်ပြည်နယ်ခရီးစဉ်အတွင်းမှာ ဒေသခံကျောင်းသားလူငယ်တွေက အကြမ်းဖက်စစ်ခေါင်းဆောင် ကချင်မြေကနေ ထွက်သွားဖို့ မောင်းထုတ်ဆန္ဒပြတာနဲ့ ကြုံတွေ့ခဲ့ရတယ်။