ရေးချောင်းတောင် မြစ်ကူးတံတားပေါ်တွင် အရပ်သား ၁ ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ ရေးချောင်းတောင် မြစ်ကူးတံတားပေါ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာ ၂၀ ရက် ည ၉ နာရီကျော်လောက်မှာ  အရပ်သား ၁ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေး ချောင်းတောင်ကျေးရွာစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်တွေ မွန်းလွဲ ၃ နာရီလောက်မှာ ဗုံးနဲ့တိုက်ခိုက်ခံရပြီးတဲ့နောက် ညဘက်မှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်လာပြီး မသင်္ကာဖွယ်ရာဖြစ်လို့ဆိုပြီး အခုလို အရပ်သားတဦးကို ပထမဦးဆုံး စတင်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ မီဒီယာတွေမှာလည်း စစ်ကောင်စီတပ်တွေက လုံခြုံရေးယူနေစဉ် ညဘက်လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေကို ထပ်မံဗုံးခွဲသူလို့ ယူဆပြီး သေနတ်ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

အဆိုပါ အမည်မသိရ ပစ်ခတ်ခံရသူဟာ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ လုံးဝ သက်ဆိုင်ခြင်းမရှိတဲ့သာမန်ပြည်သူပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီလက်နက်ကိုင်များ၊ ရဲများ၊ စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်ပတ်သက်နေသူများနဲ့ စစ်ကောင်စီကို အကျိုးပြုလုပ်နေသူတို့ရဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သွားလာခြင်းများ မပြုလုပ်ဖို့ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YSTF) က မေတ္တာရပ်ခံ သတိပေးထားပါတယ်။

အဆိုပါ တံတား စစ်ဆေးရေးဂိတ်မှာ ဒေသခံတွေ စစ်ကောင်စီတပ်ရဲ့ မကြာခဏ စစ်ဆေးခံရတာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေကြရတယ်လို့ သိရပါတယ်။

More News
Up