မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ သဒွတ်လျှိုကျေးရွာ ကုလားကုန်းရပ်ကွက်မှာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ဂေါ်ရခါးလူမျိုးအိမ်တစ်အိမ်ကနေ ကျပ်သိန်း ၁၀၀၀ ဖိုးလောက် ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"လူ ၆ ယောက် အိမ်ထဲကို ဝင်လာတာ၊ ၂ ယောက်က အပြင်မှာစောင့်တယ်။ ၄ ယောက်က အိမ်ထဲကို ဝင်တယ်။ ပတ်ဝန်းကျင်က လူတွေကလည်း ကျောက်လာပြတယ် ထင်နေကြတာ။ သေနတ်တွေလည်းပါတယ်။ ခြံဝန်းကကျယ်တော့ ဘယ်သူမှ သိပ်မသိလိုက်ကြဘူး။ ထွက်သွား တော့မှ သိကြတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ် ၃ စီးနဲ့ နေအိမ်ထဲကို ဝင်ရောက်လာပြီး အိမ်ထဲက အဘိုးကြီးကိုရော ကလေးတွေကိုပါ ကြိုးတုပ်ပြီး ပါးစပ်ပိတ်ထားကာ အဘွားကြီးကိုတော့ ပစ္စည်းတွေ ယူပေးခိုင်း တယ်လို့ ဆိုပါတယ်။
"အိမ်ထဲကလူတွေကို ကြိုးတုပ်ပြီး အဘွားကြီးကိုတော့ ပစ္စည်းတွေထုတ်ခိုင်းတာ၊ အဘိုးကြီးက သွေးတိုးရောဂါရှိတယ်။ မီးခံသေတ္တာရော ဖွင့်ခိုင်းတယ်။ မပေးရင် အဘိုးကြီးကို ပစ်သတ်လိုက်မယ်လို့ ခြိမ်းခြောက်တယ် "လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဓားပြတိုက်ခံရတဲ့အိမ်က ကျောက်မျက်လုပ်ကိုင်တာဖြစ်ပြီး မနေ့က ငွေသား ကျပ် ၂၀၀ ကျော် ၊ ရွှေက ၃၀ သား ၊ကျောက်ထုပ် ၁၇ ထုပ် ခန့်မှန်းခြေ သိန်းတစ်ထောင်ခန့်ပါသွားတယ်လို့ သိရပါတယ်။
ဓားပြတိုက်သူတွေက နေအိမ်အတွင်းက လက်ကိုင်ဖုန်းတွေကိုယူဆောင်သွားပြီး ကလေးဆော့တဲ့ ဖုန်းကအစ ယူသွားတယ်လို့သိရပါတယ်။