ခင်ဦးမြို့နယ်တွင် ထွေအုပ်ဝန်ထမ်းက ကလေးငယ်ကို သွေးထွက်သံယိုရိုက်၊ ရဲက အရေးမယူ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ကလေးငယ်တဦးကို အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းက သွေးထွက်သံယိုရိုက်နှက်မှုကို ခင်ဦးမြို့မရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ အရေးမယူပေးဘူးလို့ သိရပါတယ်။ 

ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး စာရေးဝန်ထမ်း ရဲအောင်ဆိုသူက စစ်မှုထမ်းဟောင်းတဦး (အမည်မဖော်လိုသူ) ရဲ့ ၁၂ နှစ်အရွယ်သမီးငယ် ဝိုင်းစုရတနာပုံကို စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းမှာ ရိုက်နှက်ခဲ့တာလို့ ကူညီပေးနေသူတဦးက ပြောပါတယ်။

မဝိုင်းစုရတနာပုံရဲ့ ဖခင်ဟာ တပ်မတော်ကနေ အနားပေးခံထားရတဲ့ စစ်သက် အနှစ် ၂၀ တာဝန်ထမ်းခဲ့တဲ့ စစ်သားဟောင်းတဦးဖြစ်ပြီး သူဟာ လက်ရှိစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူလူထုဘက်က ရပ်တည်တဲ့အတွက် အငြှိုးအတေးထားပြီး မဆိုင်တဲ့ ကလေးငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ဒီကလေးငယ်ဘက်က လိုက်ပါကူညီနေသူတဦးက “ဖအေကို ကြည့်မရတော့ သားသမီးကို လုပ်တဲ့သဘောပဲ။ သူ့အဖေက ပြေးနေရတယ်။ လူထုထောက်ခံပွဲမှာ ပါတော့ ဖအေက ၀ရမ်းထုတ်ခံထားရတယ်။ အဖမ်းအဆီးများတော့ အဲလူက အိမ်မှာမနေဘဲ ရှောင်နေချိန်မှာ ဖအေကို မကျေနပ်တာနဲ့ ဘာမှမဆိုင်တဲ့ ကလေးကို ရိုက်တာ၊ သက်သက်အနိုင်ကျင့်တာပေါ့” လို့ ပြောပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးငယ်အပေါ် သွေးထွက်သံယိုရိုက်နှက်မှုအပြင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ထိခိုက်နစ်နာမှုတွေအတွက် တိုင်ကြားချက်အပေါ် အလေးမထားတဲ့ ခင်ဦးမြို့မရဲစခန်းကို ပြည်သူတွေအကြား ဝေဖန်ပြစ်တင်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up