Live
Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်တင်ပို့ရန် လိုက်နာရမည့် အချက်များထုတ်ပြန်
DVB
·
September 20, 2021

တရုတ်နိုင်ငံကို တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်တင်ပို့တာနဲ့ ပတ်သက်ပြီး ကုန်သွယ်မှုချောမွေ့စေဖို့ နှစ်နိုင်ငံသဘောတူညီချက်အရ စိုက်ပျိုးထုတ်လုပ်သူနဲ့ တင်ပို့သူတွေ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေကို  စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ပထမအဆင့်အနေနဲ့ စိုက်ပျိုးထုတ်လုပ်သူတွေက Good Agricultural Practices (GAP) စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်ကာ ပိုးမွှားကာကွယ်ရေးအတွက် Integrated Pest Management (IPM) စနစ်ကိုကျင့်သုံးရမယ်လို့ ဆိုပါတယ်။

ဒီအတွက် စိုက်ပျိုးရေးဦးစီးဌာနက ပြောင်းစိုက်ပျိုးထုတ်လုပ်သူတွေကို စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများ Good Agricultural Practices (GAP) စနစ်နဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ နည်းပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့နဲ့ သတ်မှတ်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်နိုင်ဖို့ ကွင်းဆင်းစိစစ်ပြီး မှတ်တမ်းရေးသွင်း ဆောင်ရွက်ရ မယ်လို့လည်း သိရပါတယ်။

တင်ပို့ရောင်းချသူတွေကလည်း ထုပ်ပိုးပြီးဖြစ်တဲ့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်တွေကို တင်ပို့ခြင်းမပြုမီ စိုက်ပျိုး၊မွေးမြုရေးနဲ့ ကုသရေးဦးစီးဌာနထံ နမူနာတွေပေးပို့ကာ တရုတ်နိုင်ငံက သတ်မှတ်ထားတဲ့ သီးနှံဖျက်ပိုးများနှင့် တိရစ္ဆာန်ကူးစက်ရောဂါများကင်းရှင်းကြောင်း စစ်ဆေးပြီးမှသာ သတ်မှတ်ထားသော Certificate ကို စိုက်ပျိုး၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် တင်ပို့လိုသူတွေအနေနဲ့ တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်နမူနာတွေကို စိုက်ပျိုးရေးဌာနရဲ့ သီးနှံကာကွယ်ရေး ဌာနခွဲမှာ စစ်ဆေးခဲ့ပြီးနောက် သတ်မှတ်ချက်နဲ့ကိုက်ညီပါက ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် Phytosanitary Certificate (PC) ကို ၃ ရက်အတွင်း ထုတ်ပေးသွားမည်လို့ သိရပါတယ်။

တိရစ္ဆာန်အစာအတွက် အစိုဓာတ် ၆၅ မှ ၇၀ ရာခိုင်နှုန်းရှိ ပြောင်းပင်နဲ့ အဖူးကို စဉ်းဖြတ်ကာ လေကင်းမဲ့တဲ့နေရာမှာ အချဉ်ဖောက်ပြီးနောက် စနစ်တကျသိုလှောင်သိမ်းဆည်းထားရာမှ ရရှိလာတဲ့ ချဉ်ဖတ်ကို တိရစ္ဆာန်တွေက နှစ်သက်ကြကာ အာဟာရဓာတ်ကလည်း ကြွယ်ဝမှု ရှိစေပါတယ်။

ရာသီအလိုက် တိရစ္ဆာန်အစာ အခက်အခဲရှိတဲ့ ဒေသတွေမှာရှိတဲ့ မွေးမြူရေးတောင်သူတွေအတွက် တိရစ္ဆာန်အစာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့အပြင် ပြည်ပပို့ကုန်အနေနဲ့လည်း အလားအလာရှိတာကြောင့် စိတ်ပါဝင်စားတဲ့သူတွေ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

နိုင်ငံရဲ့ နှစ်စဉ် အသားတင်ထုတ် လုပ်မှုတန်ဖိုး တိုးတက်ရေးမှာ ကျွဲ၊ နွား၊သိုး၊ဆိတ် အပါအဝင် အသားကဏ္ဍကလည်း အရေးပါတဲ့လုပ်ငန်းဖြစ်လို့ မွေးမြူရေးလုပ်ကိုင်သူတွေအနေနဲ့ လွှတ်ကျောင်းစနစ်အစား တိရစ္ဆာန်အစာ စိုက်ပျိုးကျွေးမွေးတဲ့စနစ် ကျင့်သုံး ဆောင်ရွက်ကြဖို့ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် ဒေသနဲ့ ကိုက်ညီတဲ့ တိရစ္ဆာန်အစာပင်တွေကို လက်တွေ့စိုက်ပျိုး ပြသတာ၊ တိရစ္ဆာန်အစာ ချဉ်ဖတ် ပြုလုပ်နည်း ဖြန့်ဝေတာတွေလုပ်ဆောင်ဖို့  တိရစ္ဆာန်အစာချဉ်ဖတ်ထုတ်လုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024