မိုးကုတ်မြို့က ပြည်သူတစ်ဦးကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီး

ယခင်ပုံအဟောင်း ပြန်လည်ဖော်ပြသည်

မန္တလေးတိုင်း မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက်က ကိုရှမ်းလေးကို စစ်ကောင်စီက အင်အားသုံးပြီး နေအိမ်မှာ ဒီနေ့ လာရောက်ဖမ်း​ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အင်အားသုံးပြီး လာဖမ်းသွားတာ၊ ဘေးအိမ်မှာ အသုဘရှိတော့ လူအများကြီးရှိတာတောင် တစ်ယောက်မှမလှုပ်နဲ့ဆိုပြီး သေနတ်ထောင်ပြီး ကိုရှမ်းလေးကိုဖမ်းသွားတာ၊ ဒလန် နှစ်ယောက်လည်း ပါတယ်" လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ကိုရှမ်းလေးကို စစ်အုပ်စုက ဘာကြောင့် အင်အားသုံး ဖမ်းဆီးတယ်ဆိုတာကို မသိရဘူးလို့ ဆိုပါတယ်။

"စစ်ကားသုံးစီးနဲ့ နေအိမ်ကိုဝင်ရှာတာ၊ ကိုရှမ်းလေးက ရှောင်​နေတယ်၊ မပါသွားဘူး ထင်နေတာ။ သူကပြန်ရောက်နေတော့ လာဖမ်းသွားတာနဲ့ပါသွားတာ။ မိန်းမကလည်း ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ သူက သပိတ်တွေမှာတောင် သိပ်မပါဘူး” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မိုးကုတ်မြို့မှာ စစ်အုပ်စုက နေရာအနှံ့နဲ့ နေအိမ်တွေမှာပါ လိုက်လံရှာဖွေစစ်ဆေးနေပြီး ဖုန်းတွေကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

More News
Up