တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းရွာမှာ စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး ဒဏ်ရာရပြီး ၁ ဦး ဖမ်းဆီးခံရ ပါတယ်။
ဆိုင်ကယ်နဲ့ သွားနေတဲ့ လူငယ်နှစ်ယောက်ကို စစ်ဆေးဖို့တားဆီးရာမှာ စစ်ဆေးမခံဘဲ မောင်းပြေးခဲ့လို့ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ ကမြောကင်းရွာသား မောင်မျိုးဟိန်းကို (ခေါ်) ပိုင်ပိုင်မှာ ရင်ဘတ်နဲ့ ခြေထောက်မှာ တစ်ချက်စီထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကာ စစ်တပ်ဆေးရုံ ပို့ဆောင်ထားပြီး ဆိုင်ကယ်မောင်းနှင်တဲ့ သူ့သူငယ်ချင်းကတော့ သေနတ်မထိမှန်ပေမယ့် ဆိုင်ကယ်လဲကျ ဒဏ်ရာနဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “မွန်းလွဲ ၁ နာရီခွဲလောက်မှာ သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့လာတာကို စစ်ကောင်စီတပ်တွေက တားစစ်တာ။ အဲဒါကို သူတို့ကမောင်းပြေးလို့လိုက်ပစ်တာ။ လမ်းဘေးဓာတ်မီးတိုင်တွေရော နေအိမ်တွေရော ကျည်ဆန်ထိမှန်ခဲ့တယ်" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၇ ရက် ကတည်းက အောက်ရေဖြူကျေးရွာအုပ်မှာ တပ်စွဲထားပြီး သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ အိမ်ထောင်စုစာရင်း လိုက်စစ်နေသလို လမ်းသွားလမ်းတွေကိုလည်း စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် အပါအဝင် ဒေသခံပြည်သူ ၁၂ ယောက်လောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၆ နာရီခွဲလောက်ကလည်း အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် အောက်ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာက ၁၅ နှစ်အရွယ် လူငယ် ၁ ဦး သေဆုံးခဲ့ပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နေ့စဥ်ချီတက်ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၉ ရက် မနက် ၉ နာရီခွဲအချိန်က အင်းဇောက်ကျေးရွာ သပိတ်စထွက်မယ့်နေရာမှာ ပစ်ခတ်ဖြိုခွင်းခံရတယ်လို့ သိရပါတယ်။
ဖြိုခွင်းခံရမှုမှာ ကျည်ထိမှန်သူ၊ အဖမ်းခံရသူမရှိပေမယ့် သပိတ်လိုက်ပါတဲ့ ရဲဘော်တွေရဲ့ ဆိုင်ကယ် ၁၇ စီး (ကာလတန်ဖိုး သိန်း ၃၀၀ကျော်) ဆုံးရှုံးခဲ့ရတယ်လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်) က ထုတ်ပြန်ထားပါတယ်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ဆိုသလို ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။