Live
Home
မြန်မာသတင်း
လက်နက်ကြီးယူပြီး CDM ဝင်လာသည့်စစ်သားများကို ကျပ်သိန်း ၁၀၀ ချီးမြှင့်မည်
DVB
·
September 17, 2021

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာပါဝင်ပြီး ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်မတော်သားတွေ၊ ရဲတွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေကို ချင်းပြည်နယ်ကာကွယ်ရေးတပ် (CDF)က ကျပ်သိန်း ရာချီ ဆုကြေးပေးမယ်လို့  ဖိတ်ခေါ်ထားပါတယ်။

CDM လုပ်ပြီး ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းတဲ့ တပ်မတော်သား၊ ရဲသားနဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအပါအဝင် မိသားစုဝင်တွေအတွက် လိုအပ်တဲ့ လုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် ဆုကြေးတွေကိုပါ လက်ငင်း ချီးမြှင့်သွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဆုကြေးတွေအနေနဲ့ လက်နက်ငယ်နဲ့ ကျည်ဆန်တွေတစ်ပါတည်း ယူဆောင်လာနိုင်ပါက ကျပ်သိန်း ၅၀ ၊ လက်နက်ကြီးနဲ့ ကျည်ဆန်တွေ တစ်ပါတည်းယူဆောင်လာနိုင်ပါက ကျပ်သိန်း ၁၀၀ ထိ ပေးအပ်မှာဖြစ်သလို  ပြည်သူတွေပိုင်တဲ့ ဌာနဆိုင်ရာကားတွေကိုပါ တစ်ပါတည်း ယူဆောင်လာ နိုင်ပါက ကျပ်သိန်း ၅၀ ချီးမြှင့်ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့စစ်ဗိုလ်တွေဟာ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူတွေဆီက အကြမ်းဖက်အာဏာလုယူကာ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို မတရား သတ်ဖြတ်လုယက်ဖျက်ဆီးတာတွေ ကျူးလွန်နေကြကြောင်း၊ အဲဒီလို အကြမ်းဖက်မှုတွေကို နိုင်ငံသားတာဝန်သိစိတ်အပြည့်နဲ့ ဖီဆန်ကာ ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းလိုသူတွေကို နွေးထွေးစွာ ကြိုဆိုကြောင်း ချင်း CDF စက်တင်ဘာ ၁၆ ရက်စွဲနဲ့ သဘောထားထုတ်ပြန် ထားတာပါ။

ချင်းပြည်နယ်မှာတော့ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေစတင်ခဲ့တာ လနဲ့ချီကြာမြင့်နေခဲ့ပြီ ဖြစ်ကာ တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ ထောင်သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်ကစပြီး အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၇ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေလည်းရှိခဲ့ပြီး နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံး ပြည်သူ ၁၁၀၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ စက်တင်ဘာ ၇ ရက်က ကြေညာခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024