မွန်ပြည်နယ်၊ မော်လမြိုင် ကမ်းနားလမ်း Strand Walking Street အနီးမှာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဗုံးတွေဟာ မနက် ၈ နာရီခွဲနဲ့ မနက် ၉ နာရီခွဲလောက်မှာ လူမနေတဲ့ ခြံဝင်းထဲက ညောင်ပင်အောက်မှာ ဆက်တိုက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အခုဗုံးပေါက်ကွဲမှုဟာ အသံဗုံးပေါက်ကွဲခြင်းသာ ဖြစ်တယ်လို့ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲတာကြောင့် လူထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ ဒုတိယ ဗုံးပေါက်ကွဲမှုမှာတော့ မီးခိုတွေပါ ထွက်လာတယ်လို့ ဗုံးပေါက်ကွဲမှုအနီး နေထိုင်သူတွေက ဆိုကြပါတယ်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးသွား ပါတယ်။
မော်လမြိုင်ကမ်းနားလမ်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ အမြဲလို လုံခြုံရေးယူနေပြီး ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။